စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နေပြည်တော်သို့ မလာရောက်မီ အာဏာသိမ်းမှုဖြစ်နေသည်ဆိုသည့် ကောလာဟလများ မြန်မာတွင် ပျံ့နှံ့နေသည်။ ထိုခရီးစဉ်အတွင်း သူသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွယ်ဝိုက်ဝေဖန်ခဲ့သည်။ မကြာသေးမီက စစ်ရေးရှုံးနိမ့်မှု အတိုင်းအတာကြောင့် ဖြစ်နိုင်သည်။

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အတိုက်အခံအင်အားစုများသည် စစ်စခန်းပေါင်း ၂,၀၀၀ ကျော် သိမ်းပိုက်ထားသည်။ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်မြောက်ပိုင်း တခုလုံးနီးပါးကို သိမ်းပိုက်ပြီး တောင်ပိုင်းသို့ အလျင်အမြန် တိုးလာနေသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည် တရုတ်သို့ နယ်စပ်ဂိတ်များ အားလုံးကို ထိန်းချုပ်ထားပြီး ယခုအခါ မြစ်ကြီးနားနှင့် ဗန်းမော်မြို့စွန်သို့ ရောက်လာသည်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ရှမ်းပြည်မြောက်ပိုင်း ဒေသအများစုကို ထိန်းချုပ်ထားသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်တပ်၏ ထိခိုက်သေဆုံးမှု ၆,၀၀၀ ရှိသည်ဟု လေ့လာစောင့်ကြည့်နေသည့် အဖွဲ့တခုက ခန့်မှန်းသည်။ အလျင်အမြန် စစ်သားစုဆောင်းပြီး ဖြစ်သလို လေ့ကျင့်ထားသော စစ်သားသစ်များ ယခုအခါ ရှေ့တန်းရောက်နေသည်။

စစ်တပ်သည် လားရှိုးကို ကာကွယ်ရန် အင်အား ၅,၀၀၀ စုရုံးပြီး လေကြောင်းမှ ထောက်ကူသည့်တိုင် အင်အားအသာဖြင့် တိုက်ခိုက်ခံရသည်။ လားရှိုးကျသောအခါ စစ်သားနှင့် မိသားစု ၅,၀၀၀ နီးပါး လက်နက်ချကြသည်။

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုင်ငံ၏မြို့ကြီးမြို့ငယ် ၂၅၂ ခုအနက် ၇၅ မြို့ သို့မဟုတ် ၃၀ ရာခိုင်နှုန်းကို လုံးဝ လွတ်မြောက်စေကြောင်းနှင့် ၇၄ မြို့တွင် ထိပ်တိုက်တွေ့နေကြောင်း မကြာသေးမီက ကြေညာသည်။ နိုင်ငံ၏ မြို့ကြီး မြို့ငယ် ၃ ပုံ ၁ ပုံကိုသာ စစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်တော့သော်လည်း ထိုမြို့များသည် လူဦးရေ အများဆုံးရှိသော မြို့များဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းတွင် စစ်တပ်သည် မည်သည့်နယ်မြေကိုမှ ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသလောက်ဖြစ်နေပြီး ထိုနယ်မြေများတွင် လူမနေနိုင်စေရန် မြေလှန်စနစ်ဖြင့် ဖျက်ဆီးသည်။

PDF များ၏ အခန်းကဏ္ဍကို အာရုံမစိုက်မိကြ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (ERO) များ၏ အောင်ပွဲများကို အာရုံစိုက်ကြသော်လည်း NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) များကို အာရုံမစိုက်မိကြပေ။

၂၀၂၁ ခုနှစ်တွင် PDFs များကို စတင်ထူထောင်စဉ်က ၎င်းတို့ကို အလေးမထားကြပေ။ စစ်ကောင်စီအောက်မှ လွတ်မြောက်ရန် ထွက်ပြေးလာသည့် မြို့ပြလူငယ်များသာဖြစ်ပြီး လက်နက် မရှိသလောက်ပင် ဖြစ်သည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် TNLA ကဲ့သို့သော အဖွဲ့အစည်းများက ၎င်းတို့ကို သင်တန်းပေးပြီး လက်နက်ခဲယမ်း အကန့်အသတ်ဖြင့်သာ တပ်ဆင်ပေးနိုင်သည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ရောက်သောအခါ NUG သည် PDF များကို ရန်ပုံငွေထောက်ပံ့နိုင်ပြီး မှောင်ခိုဈေးကွက်မှ လက်နက်များ ရရှိလာစေခဲ့သည်။

သို့သော် လက်နက်အများစုသည် စစ်မြေပြင်တွင် စစ်ကောင်စီထံမှ ၎င်းတို့ သိမ်းဆည်းမိသော လက်နက်များ ဖြစ်သည်။ ဆက်တိုက် ရရှိသော အောင်ပွဲများကြောင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိလာပြီး အနာဂတ်အောင်ပွဲများအတွက် အုတ်မြစ်ဖြစ်လာသည်။

PDF များသည် စည်းကမ်းလိုက်နာကြပြီး စိတ်အားတက်ကြွကာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံရေး ပန်းတိုင်များကို ရည်စူးထားကြသည်။

နည်းပညာတတ်ကျွမ်းသော လူငယ်များကို အားထားပြီး ထိုတပ်များသည် ကျွမ်းကျင် တီထွင်ဆန်းသစ်ကာ ERO များနှင့် စစ်တပ်ထက်ပင် ပိုမိုစောစီးစွာ လုပ်ငန်းသုံး ဒရုန်းများကို အလျင်အမြန် အသုံးချသည်။

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများတွင် PDF များသည် အများသတိမထားမိသော အခန်းမှ ပါဝင်သည်။ ၎င်းတို့သည် ကယားပြည်နယ်မှ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ TNLA, KIA တို့နှင့် ပူးပေါင်းတိုက်ခိုက်သည်။

NUG သည် ၎င်းတို့တပ်များကို စစ်မြေပြင် အတွေ့အကြုံ ပိုမိုရှိသည့် ERO အမျိုးမျိုး၏ စစ်ဆင်ရေးကွပ်ကဲမှု အောက်တွင်ထားရှိသည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်။

သို့သော် လွန်ခဲ့သော နှစ်နှစ်အတွင်း PDF များသည် ထူးခြားသော စစ်မြေပြင် အတွေ့အကြုံများကို ပြသခဲ့ကြသည်။ အချို့ဒေသများတွင် ၎င်းတို့သည် အဓိကကျသည့် တိုက်ခိုက်မှုများ ပြုလုပ်ကြသည်။

ရှမ်း-မန်း စစ်ဆင်ရေး

မန္တလေး PDF သည် ရှမ်းပြည်မြောက်ပိုင်းမှ TNLA ၏ အောင်ပွဲများကို တိုးချဲ့သည်။

ထိုတပ်ဖွဲ့သည် ဧရာဝတီမြစ် အရှေ့ဘက် တောင်တန်းများမှ ရွှေ့ပြောင်းလာပြီး မန္တလေးမြောက်ဘက် မိုင် ၃၀ အကွာမှ စဉ့်ကူးမြို့ကို သိမ်းပိုက်သည်။

ထိုသို့ သိမ်းပိုက်ခြင်းကြောင့် ၎င်းတို့သည် စစ်တပ်လှုပ်ရှားမှုများနှင့် ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်သို့ ရိက္ခာပေးပို့ခြင်းကို ဖြတ်တောက် ပိတ်ဆို့နိုင်ခဲ့သည်။

မန္တလေး PDF သည် ထိုလမ်းကြောင်းတွင် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေသည်။ လွန်ခဲ့သော အပတ်တွင် ၎င်းတို့သည် မြန်မာ့ရှေးဟောင်း အမှတ်သညာ တကောင်းမြို့နှင့် စဉ့်ကူးနှင့် တကောင်းအကြားမှ သပိတ်ကျင်း မြို့နယ်ကို သိမ်းပိုက်သည်။ ထို့ပြင် ၎င်းတို့သည် စစ်စခန်း ကိုးခုကိုလည်း သိမ်းပိုက်သည်။

ထိုမြို့များကို ထိန်းချုပ်လိုက်ခြင်းကြောင့် ၎င်းတို့သည် အဝေးပြေးလမ်းကိုသာ ထိန်းချုပ်နိုင်သည် မဟုတ်ဘဲ ပိုမိုကြီးမားသည့် လက်နက်ကြီးများ ရရှိပါက ဧရာဝတီ မြစ်ကြောင်းတလျှောက် စစ်တပ်လှုပ်ရှားမှုနှင့် ရိက္ခာပေးပို့မှုကိုပါ ထိန်းချုပ်နိုင်သည်။

PDF များသည် မြန်မာ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့စွန်တွင် ပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်သော်လည်း မြို့သိမ်းတိုက်ပွဲ မလုပ်နိုင်သေးပေ။

မန္တလေးမြို့ အနောက်တောင်ဘက် မိုင် ၆၀ ခန့် မြင်းခြံမြို့နယ်တဝန်းတွင် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်သည်။ သီးခြား PDF တပ်ဖွဲ့ လေးဖွဲ့သည် တောင်သာမြို့နယ်တွင် စုစည်းကြသည်။

အခြား PDF များက နွားထိုးကြီးမြို့သို့ ချီတက်ကြသည်။ စစ်ကောင်စီက အလျင်အမြန် တုံ့ပြန်ပြီး ထိုမြို့ကို ပြန်လည် သိမ်းပိုက်ရန် တပ်ကူ ၂၀၀ ဖြန့်ကြက်သည်။ ထိုမြို့သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ နယ်စပ်ကို ဖြတ်ကျော်ပြီး ယူနန်ပြည်နယ်၊ ကူမင်းသို့ ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ ပို့လွှတ်ရေးစခန်းရှိသောမြို့ ဖြစ်သည်။ ထိုအဆောက်အအုံ၏ အစောင့်တပ်စခန်းများကို PDF များက ခဏကြာ သိမ်းပိုက်ခဲ့သည်။

ထိုဒေသအတွင်း တိုက်ပွဲများကြောင့် စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင် Sembcorp သည် ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်သည့် ၎င်း၏ ဒေါ်လာ သန်း ၃၀၀ တန် ၂၂၅ မဂ္ဂါဝပ် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ရသည်။ ဓာတ်အား မလုံလောက်မှု အကြီးအကျယ် ဖြစ်နေသည့် မြန်မာအတွက် နောက်ထပ်ထိုးနှက်ချက်တခု ဖြစ်သည်။

ဖြတ် လေးဖြတ်မှ လူသူကင်းမဲ့ရေးသို့

NUG နှင့် PDF များသည် ၎င်းတို့၏ အောင်ပွဲများကို အလျင်အမြန် အသုံးချပြီး မြို့နေလူထုက အတိုက်အခံ တပ်များကို ကြိုဆိုသည့် ဗီဒီယိုများကို ထုတ်ပြန်ကြသော်လည်း ထိုသို့ လွတ်မြောက်ခြင်းအတွက် ပေးဆပ်ရသည့် တန်ဖိုးများ ရှိသည်။

၁၀၂၇ စစ်ဆင်ရေး စတင်သောအခါ KIA နှင့် PDFs များသည် စစ်ကိုင်းတိုင်း အပူပိုင်းဇုန် ဗဟိုချက် ကောလင်းမြို့ကို သိမ်းပိုက်ကြသည်။ ထိုသို့ သိမ်းပိုက်ခြင်းကြောင့် ရက်စက်ကြမ်းကြုတ်သော တန်ပြန်တိုက်ခိုက်မှု ဖြစ်လာသည်။ ထိုမြို့ကို စစ်တပ်က နှစ်ပတ်နီးပါး အမြောက်ဖြင့်ပစ်၊ ဗုံးကြဲ တိုက်ခိုက်သည်။

PDF ဦးဆောင်သည့် တိုက်ခိုက်မှုများသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း စစ်ကိုင်းတိုင်း တောင်ပိုင်းတွင်လည်း ပြင်းထန်လာပြီး စစ်တပ်က ပြင်းထန်သော လက်စားချေမှုများ၊ အကြီးအကျယ် မီးရှို့တိုက်ခိုက်မှုများ၊ အမြောက်ဖြင့် ပစ်ခတ်မှုများကို ဖြစ်စေသည်။ အလားတူစွာပင် စစ်တပ်သည် ရှမ်းပြည်နယ်တွင်လည်း ထိုသို့ တိုက်ခိုက်မှုများ ပြုလုပ်ပြီး အတိုက်အခံတပ်များ သိမ်းပိုက်ထားသည့် မြို့များမှ အရပ်သားများကို သိမ်းကြုံးဗုံးကြဲသည်။

မျှော်လင့်ချက် ကင်းမဲ့နေသော စစ်ကောင်စီသည် လူထုကို အကြောက်တရား ဖြစ်စေသည့် ဖြတ် လေးဖြတ်ဟု ခေါ်သည့် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော ပုန်ကန်မှုနှိမ်နင်းရေး သဘောတရားမှ ပိုင်နက်နယ်မြေများတွင် လူသူကင်းမဲ့အောင်လုပ်သည့် ရုရှားပုံစံ စစ်ဆင်ရေးကို ကျင့်သုံးနေပုံရသည်။

စစ်ပန်းလာသည့် လက္ခဏာများ

မင်းအောင်လှိုင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် သြဂုတ်လ ၁၅ ရက်နေ့တွင် တွေ့ဆုံပြီး သူ့ကို အခြားဗိုလ်ချုပ်များက ဖြုတ်ချသည်ဆိုသည့် သတင်းမမှန်ကြောင်း ပြသသည်။

သို့သော် စစ်မြေပြင် ရှုံးနိမ့်မှုများနှင့် ဓားစာခံရှာပြီး ထိုးကြွေးလိုသည့် သူ၏စိတ်ထားကြောင့် တပ်တွင်း မကျေနပ်မှုများနှင့် စိတ်ပျက်မှုများ မည်သည့်အတွက် ကြီးထွားလာနေကြောင်း နားလည်နိုင်သည်။

မင်းအောင်လှိုင်သည် ဗိုလ်ချုပ်များကို အလွန်လျင်မြန်သောနှုန်းဖြင့် ရာထူးပြောင်းရွှေ့နေသည်။ ၂၀၂၄ ခုနှစ် တနှစ်တည်းတွင်ပင် စစ်တိုင်း ၁၄ တိုင်းအနက်မှ တိုင်း ၇ တိုင်းတွင် တိုင်းမှူးများ ပြောင်းရွှေ့ခန့်ထားသည်။ လွန်ခဲ့သော နှစ်လအတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူး သုံးဦးပြောင်းသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်းတွင် စစ်တိုင်းမှူး ၁၄ ဦးအနက် တဦးတည်းသာ နေရာမြဲနေသည်။ ကျန် တိုင်းမှူးများကို ၂၀၂၃ ခုနှစ်၊ ဧပြီနှင့် သြဂုတ်လအတွင်း အစားထိုးခန့်အပ်သည်။ စစ်တိုင်းများကို ကွပ်ကဲသည့် အထူးစစ်ဆင်ရေးအဖွဲ့မှူး ခြောက်ဦးအနက် လေးဦးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ နောက်ပိုင်းတွင် အစားထိုးခန့်သည်။ ယခုလတွင် ဒု ဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရှမ်းပြည်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လေးခုကို ကွပ်ကဲရန် တာဝန်ပေးသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ ဒုခေါင်းဆောင် စိုးဝင်းကို တန်ပြန်ထိုးစစ်များအတွက် တာဝန်ပေးအပ်ထားသော်လည်း သူ့ရုံးခန်း အရွှေ့ခံရသည်ဆိုသည့် သတင်းများ ထွက်နေသည်။

စစ်ကောင်စီသည် တြိဂံဒေသတိုင်း၊ အရှေ့မြောက်တိုင်းနှင့် အလယ်ပိုင်းတိုင်းများမှ တိုင်းမှူးများနှင့် ၎င်းတို့ လက်အောက်ငယ်သား အများအပြားကို ဖမ်းဆီးထားသည်။

စစ်ကောင်စီသည် အပြစ်တင်ရမည့်သူ ရှာနေချိန်တွင် ကျဆုံးမှုအတွက် ပေးဆပ်ရသည့် တန်ဖိုး မြင့်မားလာနေသည်။ သို့သော် အတိုက်အခံတို့ အင်အားတိုးလာခြင်း၊ တန်ပြန်ထိုးစစ် မလုပ်နိုင်လောက်အောင် ဖြစ်စေသည့် ဘဏ္ဍာရေးနှင့် သယ်ယူပို့ဆောင်ရေး ပကတိ အခြေအနေများကို စစ်ကောင်စီ ရင်ဆိုင်နေရသောကြောင့် ထပ်မံကျဆုံးမှုများ ဖြစ်လာဖွယ်ရှိသည်။

RFA ပါ Zachary Abuza ၏ Junta dispels rumors of putsch as support for chief wanes ကို ဘာသာပြန်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *