စစ်မှုထမ်း လူရွေးဖို့ အစည်းအဝေးလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရ

စစ်မှုထမ်း လူရွေးဖို့ အစည်းအဝေးလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရပြီး အစည်းအဝေး တက်ရောက်ခဲ့သူတွေကို စစ်ကောင်စီ ဖမ်းဆီးထား

ဧရာဝတီတိုင်း မအူပင်မြို့ အမှတ် ၁၂ ရပ်ကွက်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းရွေးချယ်ဖို့ ရပ်ကွက်အတွင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ညဘက် ချောင်းရိုက်ခံခဲ့ရပါတယ်။

ဒီအတွက် အစည်းအဝေး တက်ရောက်ခဲ့တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ အဲဒီအုပ်ချုပ်ရေးမှူးဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ချောင်းရိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

“အစည်းအဝေးလုပ်ခဲ့တာက ပြီးခဲ့တဲ့ ၃ ရက်လောက်က… သြဂုတ်လ ၃၁ ရက် ညပိုင်းမှာ ချောင်းအရိုက်ခံရတာ။ ဦးခေါင်းနောက်စေ့ထိသွားတယ်။ အဲဒီ အုပ်ချုပ်ရေးမှူး ချောင်းအရိုက်ခံရတာနဲ့ပတ်သက်ပြီး အစည်းအဝေး တတ်ရောက်သူတွေထဲက ဖြစ်မယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က လာဖမ်းသွားတာ”လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“(လာဖမ်းတာက) အင်အား ၄၀ ကျော်ရှိတယ်။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့.. မအူပင်က အရပ်ဝတ်ဝတ်ထားတဲ့ ရဲတွေလည်းပါတယ်။ အစည်းအဝေး တက်ရောက်ခဲ့တဲ့ စာရင်းထဲကသူတွေကို ဖမ်းသွားတာ” လို့ အထက်ပါ ဒေသခံက ထပ်ပြောပါတယ်။

မအူပင်မြို့ အမှတ် ၁၂ရပ်ကွက်မှာ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံထားရတဲ့ လူငယ် ၁၉ ယောက်ကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က ပုသိမ်မြို့ စစ်တိုင်းရုံးကို စစ်သင်တန်းတက်ဖို့ ပို့ပေးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ – အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်း အပတ်စဉ် (၄) သင်တန်းသားများ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top