ရွှေကျင်မြို့နယ်ရှိ ကုန်းမြင့်သာယာတပ်စခန်း PDFပူးပေါင်းတပ် သိမ်းပိုက်

၆ မိနစ်အတွင်း သိမ်းယူနိုင်ခဲ့ဟုဆို၊ အရာရှိတစ်ဦးအပါအဝင် ၅ ဦးခန့်သေဟု PDF စစ်ရုံးချုပ်ထုတ်ပြန်

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန MOD၊ PDF စစ်ရုံးချုပ်မှ ယနေ့(စက်တင်ဘာ ၁ ရက်)တွင် ထုတ်ပြန်သည်။

သြဂုတ် ၃၁ ရက် နံနက်ပိုင်းက ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ရင်း(၉)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

အဆိုပါ ကုန်းမြင့်သာယာ တပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နံနက် (၁၁)နာရီတွင် စခန်းတစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။

“၆ မိနစ်အတွင်း စကစ စခန်းငယ်တခု သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် Spring Warrior Column က အသိပေးသည်။

အခြေအနေအပြည့်အစုံအားသိရှိနိုင်ရန် Spring Warrior Column သို့ လူထုနွေဦးက ယမန်နေံတွင် ဆက်သွယ်ခဲ့ရာ စခန်းသိမ်းပိုက်ရရှိသည်မှာ မှန်ကန်ကြောင်း၊ သို့သော်တိုက်ပွဲဖြစ်စဥ်အသေးစိပ်ကိုမူ အထက်အဆင့်ဆင့်မှ သတင်းမထုတ်ပြန်သေးရန် ခေတ္တစောင့်ထားခိုင်း၍ မပြောနိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

NUG/MOD လက်အောက်ခံ PDF စစ်ရုံးချုပ်၏ ယနေ့ထုတ်ပြန်ချက်အရ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းများ၊ ဆန်အိတ် (၄၀၀)ကျော်နှင့် ရိက္ခာအမြောက်အများ သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် တပ်သား (၅)ဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က အသိပေးသည်။

အဆိုပါ ကုန်းမြင့်သာသာရွာ၌ အထိုင်ချထားသော စစ်ကောင်စီတပ်သားများမှာ
ဘောကထာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယင်းစခန်းမှ ဆုတ်ခွာ၍ ကုန်းမြင့်သာယာရွာတွင် ရှေ့တန်းစခန်းပြုလုပ်ကာ တပ်စွဲထားချိန် ပူးပေါင်းတပ်ဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – MOD)

Leave a Comment