သပိတ်ကျင်းမြို့နယ်ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ထားပြီး မြို့အနီးရှိ စစ်စခန်း ၂ ခုကိုပါ ထပ်မံရရှိ

စစ်ကောင်စီက ညအချိန်တွင် အကြောင်းမဲ့ ဗုံးကြဲမှုများပြုလုပ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ် ဖွဲ့များက သိမ်းပိုက်ပြီးနောက် မြို့နှင့် ၄ မိုင်အကွာရှိ ၄ မိုင်ရွာနှင့် တာဝါတိုင်ကုန်းစခန်းနှစ်ခုကို ထပ်မံသိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့က သပိတ်ကျင်းမြို့အနီးရှိ ၄ မိုင်ရွာနှင့် တာဝါတိုင်စခန်း ၂ ခုကို တော်လှန် ရေးတပ်များက ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ က ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY- PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ၄ မိုင်ရွာနှင့် တာဝါတိုင်စခန်းတို့ကို ဩဂုတ် ၂၉ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ဩဂုတ် ၃၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ သနတ ၁ ကျောက်ကြီးနည်းပညာနှင့် သုတေသနတပ်၊ စခတ ၂ စစ်အခြေခံလေ့ကျင့်ရေး တပ်၊ တတက ၁၃ တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်း များမှာ သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာအနီးတွင် ကျန်ရှိနေပြီး အဆိုပါစစ်စခန်းများတွင် စဉ့်ကူးနှင့် မိုးကုတ်မြို့နယ်မှ စစ်ရှုံး၍ ကစဉ့်ကလျား ထွက်ပြေးလာသည့် တပ်များ ပူးပေါင်းနေ‌ထိုင်နေကြောင်း သိရသည်။

စစ်ကောင်စီက သပိတ်ကျင်းမြို့ကို လက်လွှတ်လိုက်ရပြီး မြို့အနီးရှိ စစ်စခန်း ၂ ခုကိုပါ ဆုံးရှုံး လိုက်ရသည့်အတွက် ဩဂုတ် ၃၀ ရက်နေ့ ညပိုင်းအချိန်တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ဇရပ်ကွင်းရွာကို ပေါင် ၃၀၀ ဗုံးများဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ည ၁ နာရီဝန်းကျင်အချိန်တွင် ကြဲချခဲ့သည့် ဗုံးများ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦး သေဆုံးခဲ့ကာ နေအိမ်အချို့လည်း ပြိုကျပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ- သပိတ်ကျင်း ဇရပ်ကွင်း တော်လှန်ရေးတပ်များသိမ်းပိုက်ရရှိထားပုံနှင့် လေကြောင်းတိုက်ခိုက် ခံထားရပုံ၊ တပ်စခန်း ၂ ခုမှလက်နက်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *