ခလရ ၁ မှ စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့် ရိုက်နှက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရ

မင်းလှ၊ စစ်ပြန်ကွင်းရွာမှ အမျိုးသမီး ၁ ဦးကို ခလရ ၁ မှ စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့် ရိုက်နှက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ပြန်ကွင်းရွာမှ အမျိုးသမီး ၁ ဦးကို အမှတ် ၁ ခြေ လျင်တပ်ရင်းမှ အကြမ်းဖက် စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်ပြန်ကွင်းကျေးရွာ အရှေ့ဘက်ရှိ ကိုးထစ်(ဂဝံ)ကျောက်တောင် ဘုန်းကြီးကျောင်းတွင် ဖခင်ဖြစ်သူနှင့် အတူ လုပ်အားပေးနေသည့် အသက် ၃၀ နှစ်ခန့် အရွယ် အမျိုးသမီး ၁ ဦးကို အမှတ် ၁ ခြေလျင်တပ်ရင်းမှ အကြမ်းဖက် စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ အမျိုးသမီးသည် အကြမ်းဖက် စစ်သားများ၏ ဝိုင်းဝန်း ရိုက်နှက်မှုနှင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများကို ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရှိရသည်။

အမှတ် ၁ ခြေလျင်တပ်ရင်းမှ အကြမ်းဖက် စစ်သားများက ဩဂုတ်လ ၂၄ ရက် နေ့က စတင်ပြီး စစ်ပြန်ကွင်းရွာ အနီးတဝိုက်ကို စစ်ကားများဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ် ကြောင်း သိရသည်။

“စစ်ခွေးတွေက သတိလစ် မေ့မျှောတဲ့အထိ မိုက်ရိုင်းစွာ ပြုကျင့်တယ်။ ပြီးတော့ ကောင်မလေးကို ဝိုင်းဝန်းရိုက်နှက်လို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်။ စစ်ခွေးတွေက မုဒိန်းကျင့်ပြီး ဘုန်းကြီးကျောင်းက ထမင်းတွေလည်း စားသွားသေးတယ်။ ဘုန်းကြီးကျောင်း နောက်ဖေးပေါက်ကနေ စစ်ခွေး ၃ ကောင် ကဝင်လာတာ ကောင်မလေးက သူ့အဖေနဲ့ ဘုန်းကြီးကျောင်းမှာ သွားကူညီလုပ်ကိုင်ပေးနေတာ အခင်းဖြစ်ချိန်မှာ ကျောင်းမှာ ကောင်မလေးတစ်ယောက်ထဲရှိတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *