မန္တလေးက ဆန်တက်လာတဲ့ စစ်အုပ်စု သင်္ဘောတွေကို တိုက်ခိုက်ရာ နှစ်စီး ထိမှန်

စစ်အုပ်စုက သင်္ဘောတွေကို လေယာဉ်နဲ့ လုံခြုံရေးယူ၊ မြစ်ကမ်းမြို့ရွာတွေကို ဗုံးကြဲ၊ လက်နက်ကြီးနဲ့ထု

မန္တလေးမြို့ကနေ ကချင်ပြည်နယ်ဘက် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘောငါးစင်းကို မနေ့က တကောင်းနဲ့ ထီးချိုင့်နယ်အစပ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောနှစ်စီး ထိခိုက်ပြီး စစ်အုပ်စု အသေအပျောက် ရှိနိုင်တယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။

စက်တင်ဘာလ(၁)ရက်က ထီးချိုင့်နယ်၊ မြတောင်ရွာအနီးမှာ စစ်အုပ်စု သင်္ဘောတွေကို မြစ်ကမ်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနေ့က စစ်သင်္ဘော ငါးစီးကတော့ ဒို့ဘက်က ကောင်းကောင်းကြီး ဆော်လိုက်နိုင်တယ်။ နှစ်စီးက ထိန်းမောင်းရတဲ့ အခြေအနေ ဖြစ်သွားတယ်။ ဟိုလိုကြီး ပျက်တော့ မသွားသေးပါဘူး။ ဒါပေမယ့် ပိုက်တွေ ဘာတွေ ပြုတ်ထွက်၊ မီးခိုးတွေ ထွက်လာပြီး တော်တော်လေးကို သူတို့ သင်္ဘောကို တွဲမောင်းရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ မန်နူရယ်နဲ့ မောင်းရမှာပေါ့။ သူတို့ စက်ကုန်ဖွင့် မောင်းနိုင်တဲ့ အခြေအနေတော့ မရှိ လောက်တော့ဘူး။ မြတောင်နဲ့ ထီးချိုင့်ကြား ဆော်လိုက်တာပေါ့။ သူတို့ သင်္ဘောပေါ် ပါတဲ့သူလည်း ထိခိုက်တာ တော်တော် များမယ်” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လေကြောင်းပစ်ကူခေါ်ကာ မြတောင်ရွာ အပါအဝင် ထီးချိုင့် မြို့နယ်ထဲ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“မြတောင်နဲ့ ထီးချိုင့်ကို ဂျက်ဖိုက်တာ (တိုက်လေယာဉ်)နဲ့ ဗုံးကြဲတယ်။ သင်္ဘောပေါ်ကနေလည်း လက်နက်ကြီးနဲ့ ထုတယ်။ အဓိက သူတို့ စစ်သင်္ဘော အုပ်စုကို Cover ပေးတာပေါ့။ အပေါ်ကနေပြီး လေကြောင်းနဲ့လည်း ပစ်ကူ ပေးတာပေါ့။ ဒို့ဘက်ကလည်း သပိတ်ကျင်း၊ တကောင်းကနေ စပြီး လုပ်လိုက်တာဆိုတော့ သင်္ဘောနှစ်စီးလည်း ထိတော့၊ ဟိုဘက် မြတောင်၊ ထီးချိုင့်ဘက်ကျတော့ ဂျက်ဖိုက်တာခေါ်ပြီး ပစ်တယ်၊ ဗုံးကြဲတယ်” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မနေ့က ညနေ(၅)နာရီဝန်းကျင် စစ်အုပ်စုက ထီးချိုင့်နယ်ထဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူ ခြောက်ဦး သေဆုံးတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

စစ်အုပ်စု သင်္ဘောတွေဟာ မနေ့ကညပိုင်း ထီးချိုင့်မြို့၊ ပန်းရွှေဝါ၊ပိတောက်လှ ဆိပ်ကမ်းမှာ ကမ်းကပ် ညအိပ်ပြီး ဒီကနေ့ စက်တင်ဘာ(၂)ရက် မနက်(၆)နာရီက စလို့ ကသာဘက်ကို ဆက်လက် ဆန်တက်နေကာ မနက်(၉)နာရီကျော်မှာ ကသာနယ် အင်းနက်ရွာရဲ့ ထက်ဘက်အထိ ရောက်ရှိလာပြီး (Y-12) လေယာဉ်တစ်စီးကလည်း သင်္ဘောတွေရဲ့ လုံခြုံရေးအဖြစ် လိုက်ပါနေတာ တွေ့ရတယ်လို့ ထီးချိုင့်နယ် မြေပြင်ကင်းထောက် Tigyaing Revolution – TR က ဆိုပါတယ်။

ကသာနယ် အင်းတော်မြို့ အပါအဝင် ကချင်နဲ့ စစ်ကိုင်း အစပ်က မြို့၊ရွာတွေကို တော်လှန်ရေးတပ်တွေက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး မြေပြင်စစ်ကူ မပို့နိုင်တဲ့ စစ်အုပ်စုက လေကြောင်းသုံးကာ စစ်ကူပို့သလို လက်ရှိမှာ ရေကြောင်းကနေ စစ်သင်္ဘောတွေ ဆန်တက်နေတာ ဖြစ်ပါတယ်။

ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘောတွေကို ထီးချိုင့်နယ်မှာ တွေ့ရစဉ်/Photo – Tigyaing Revolution – TR


Comments

Leave a Reply

Your email address will not be published. Required fields are marked *