လမ်းတလျှောက် တိုက်ခိုက်ခံရသည့် စစ်သင်္ဘောများ ကသာတွင် ရပ်နားထား၊ ၁ စီးရေနစ်မြုပ်နေပြီဟုဆို

ကချင် – စစ်ကိုင်းအစပ် ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့နယ်မှ ကသာမြို့ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘော ငါးစီးသည် လမ်းတလျှောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး လက်ရှိမှာ ကသာမြို့နယ် သဖန်းကိုင်းရပ်ကွက်ရေဆိပ်မှာ ရပ်နားထားကာ တစီးမှာ မီးလောင်ပျက်စီးပြီး ရေဝင်နစ်မြုပ်နေပြီဟု ကသာရှေ့တန်းရောက် KIA စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာလ ၂ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်တွင် ထီးချိုင့်မြို့နယ်မှ ကသာမြို့နယ်သို့ စစ်သင်္ဘောငါးစီး ဆန်တက်လာခြင်းဖြစ်ပြီး ယင်းအထဲမှ စစ်သင်္ဘောသုံးစီးမှာ KIA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရသည်။

“အခု မနက်က ပစ်ခတ်တာ သင်္ဘောကိုကောင်းကောင်းမှန်သွားတယ်။ သုံး စီးလောက် ထိကြတယ်။ အခုတော့ သင်္ဘောတွေအားလုံး သဖန်းကိုင်းရေဆိပ်မှာ ရပ်ထားတယ်။ အပစ်ခံရတဲ့ သင်္ဘောသုံးစီးထဲက တစီးက မီးလောင်ပြီး ရေဝင်နှစ် သွားပြီ။ လုံးဝ လောလောဆယ် မောင်းလို့မရတော့ဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

ယခု ကသာသို့ ရောက်နေသည့် သင်္ဘောများသည် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဩဂုတ်လကုန်တွင် တက်လာသည့် သင်္ဘောများဖြစ်ပြီး ထွက်လာချိန်တွင် ရှစ်စီးခန့် ပါဝင်သော်လည်း လမ်းမှာတိုက်ခိုက်ခံရခြင်းနှင့် အခြားဆိပ်ကမ်းများတွင် ချန်ထားခဲ့မှုကြောင့် ကသာသို့ ငါးစီးသာ ရောက်ရှိလာခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ စစ်သင်္ဘောများသည် လေကြောင်းအစောင့်အရှောက်ဖြင့် မြစ်ကြောင်းဆန်တက်လာခဲ့သော်လည်း တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး လက်ရှိမှာ ကသာမြို့ သဖန်းကိုင်ဆိပ်တဖက်ကမ်းဘက်သို့ လက်နက်ကြီးများ ရမ်းတန်းပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

အမျိုးသားညီးညွှတ်ရေးအစိုးရ (NUG) ၏ စစ်တိုင်းအမှတ် (၁) ဒေသဖြစ်သည့် ကချင် – စစ်ကိုင်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ PDF ၊ ABSDF ကျောင်းသားတပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်း ဖြစ်သည်။

လက်ရှိ စစ်ရေးပြင်းထန်နေသော ပင်လည်ဘူး၊ အင်းတော်နှင့် ထီးချိုင့် မြို့သိမ်းတိုက်ပွဲများအတွက် စစ်ကောင်စီတပ်က ယခုလို စစ်သင်္ဘောများဖြင့် ထောက်ပို့လုပ်ဆောင်လာခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ စစ်သင်္ဘောများသည် ကသာမြို့မှ ကချင်ဒေသတွင်းသို့ ဆက်လက်ထွက်ခွာမည်ကို တော်လှန်ရေးအင်အားစုများက စောင့်ကြည့်နေကြကြောင်းလည်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *