အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်

မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရ (ရုပ်/သံ)

မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်း ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ ၈ မိနစ် အချိန် Brave Warriors for Myanmar (BWM) အဖွဲ့ ၏စီမံမှုဖြင့် Shadow Mandalay အဖွဲ့က မန္တလေးရှိ၊ အာဏာသိမ်း စစ်ရှုံးကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးကို အောင် မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် တော်လှန်ရေးအင်အားစုများဆင်နွှဲနေသော ၁၀၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် အာဏာသိမ်းစစ်ရှုံးကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ်စခန်းများကို အဓိက ကွပ်ကဲနေသည့် အရေးပါ သော စစ်တိုင်းဌာနချုပ် ၂ ခုထဲမှတစ်ခုဖြစ်ကြောင်း၊ ယခုအခါ တော် လှန်ရေး အင်အားစုများက အဆိုပါ စစ်တိုင်းကွပ်ကဲရေး ဌာနချုပ်နှစ်ခုထဲမှ တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဖြိုခွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ BWM အဖွဲ့နှင့် မဟာမိတ်အဖွဲ့များကလည်း တော်လှန်ရေးအင်အားစုများ၏ ၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီသည့် အနေဖြင့်ကျန်ရှိနေသေးသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြိုလဲရန် ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ယနေ့ မစ်ရှင်သည် BWM နှင့်မဟာမိတ်အဖွဲ့များက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒုတိ ယ အကြိမ်မြောက် တိုက်ခိုက်သော မစ်ရှင်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမ အကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“အထိအခိုက်အပျက်အစီးကတော့ ထပ်မံ သတင်းထုတ်ပြန်ပါ့မယ်။ စုံစမ်းနေဆဲပါပဲ။ နန်းတွင်း လပခကို ပစ်တဲ့အချိန်မှာ နန်းတွင်းထဲကနေ စစ်တပ်က ပြန်ပစ်တယ်။ အဲဒီမှာ ပြည်သူ့နေအိမ်တွေ ထိတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အခြားတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၁၈ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ပြောဆိုသည်။

“နန်းတွင်းမှာ စိုး၀င်း ပီအေ ဗိုလ်မှူးကြီး ၁ ဦးနဲ့ အရာရှိ ၃ ဦး အပါအ၀င် စုစု ပေါင်း ၁၈ ဦးထိခိုက်ဒဏ်ရာရတယ်။ ၄ ဦး စိုးရိမ်ရရတယ်။ စိုး၀င်းကတော့ ရဟတ်ယာဥ်နဲ့ နေပြည်တော် ပြန်ရောက်လာတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။ အဆိုပါသတင်းကို ဆက်လက် အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သော BWM အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ လေ တပ်နှင့် အခြားအရေးကြီးသည့် စစ်ရေးပစ်မှတ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားဖြင့် နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုများနှင့်အတူ ဟန်ချက်ညီစွာတိုက်ပွဲ ဝင်လျက်ရှိကြောင်း၊ အေလာလေတပ်စခန်း ကို ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦး လေတပ်စခန်းကို ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ကောင်စီပြိုလဲသည်အထိ အရှိန်အဟုန်မြှင့်၍တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၁၀၇ မမ ရှော့ဒုံးများဖြင့်တိုက်ခိုက်ခြင်း

၁။ Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ မနက် ၄ နာရီ ၈ မိနစ် အချိန်တွင် မန္တလေးရှိ၊ အာဏာသိမ်း စစ်ရှုံးကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါသည်။

၂။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် တော်လှန်ရေးအင်အားစုများဆင်နွှဲနေသော ၁၀၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် အာဏာသိမ်းစစ်ရှုံးကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ်စခန်းများကို အဓိက ကွပ်ကဲနေသည့် အရေးပါ သော စစ်တိုင်းဌာနချုပ် ၂ ခုထဲမှတစ်ခုဖြစ်သည်။ ယခုအခါ တော်လှန်ရေး အင်အားစုများက အဆိုပါ စစ်တိုင်းကွပ်ကဲရေး ဌာနချုပ်နှစ်ခုထဲမှ တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဖြိုခွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့ BWM အဖွဲ့နှင့် မဟာမိတ်အဖွဲ့များကလည်း တော်လှန်ရေးအင်အားစုများ၏ ၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီသည့် အနေဖြင့်ကျန်ရှိနေသေးသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြိုလဲရန် ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် တိုက်ခိုက်ရခြင်းဖြစ်ပါသည်။ ယနေ့ မစ်ရှင်သည် BWM နှင့်မဟာမိတ်အဖွဲ့များက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒုတိယ အကြိမ်မြောက် တိုက်ခိုက်သော မစ်ရှင်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမ အကြိမ် တိုက်ခိုက်ခဲ့သေးသည်။

၃။ BWM အဖွဲ့သည် ရန်သူစစ်ရှုံးကောင်စီ၏ လေတပ်နှင့် အခြားအရေးကြီးသည့် စစ်ရေးပစ်မှတ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားဖြင့် နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုများနှင့်အတူ ဟန်ချက်ညီစွာတိုက်ပွဲ ဝင်လျက်ရှိနေပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ကျွန်ုပ်တို့ BWM အဖွဲ့ သည် တော်လှန်ရေးမဟာမိတ်များနှင့်ပူးပေါင်း၍ အေလာလေတပ်စခန်း ကို ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦး လေတပ်စခန်းကို ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ်သလို ဆက်လက်၍လည်း စစ်ရှုံး ကောင်စီပြိုလဲသည်အထိ အရှိန်အဟုန်မြှင့်၍တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုကို အသိပေးပြောကြားလိုပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *