စစ်တွေတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့တွင်း အင်အားတိုးကင်းလှည့်

ပါဒလိတ်ဘက် တွင်လည်း တူးမြောင်းများတူး၍ လမ်းဖျက်ပြီး ခံစစ်ပြင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ညအချိန်ကင်းလှည့်ရာတွင် စစ်အင်အား ရာချီနှင့် စစ်ကားများသုံး ကင်းလှည့်နေကြောင်း သိရသည်။

စစ်တွေမြို့၊ ဝါဘိုကျေးရွာအနီး၊ မင်းလှကျေးရွာတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့သည် ပြီးခဲ့သည့် ဩဂုတ် ၂၉ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက စစ်တွေမြို့အတွင်း အင်အားသုံး ကင်းလှည့်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့ကစတင်၍ ညအချိန်ကင်းလှည့်ရာတွင် စစ်ကားများနှင့် လူအင်အားအပြည့်အပြင် လမ်းလျှောက်ကင်းလှည့်သည့် တပ်ဖွဲ့ဝင် ရာချီပါဝင်ကြောင်း ဒေသခံများ ထံက သိရသည်။

“ကင်းလှည့်တာကတော့ ရဲနဲ့ စစ်သားနည်းနည်းနဲ့ ညတိုင်းလှည့်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ အင်အား ၁၀၀ လောက် ကားတွေပေါ်ရော၊ လမ်းလျှောက်ပြီးတော့ရော ကင်းလှည့်နေတာ” ဟု စစ်တွေဒေသခံ တစ်ဦးက ပြောသည်။

မင်းလှကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့်သေဆုံးပြီး ပါဒလိတ်ကျေးရွာရှိ စစ်ကောင်စီ တပ်များကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းရှိကျေးရွာ အချို့ကို လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစ၍ ပါဒလိတ်တွင် လမ်းများကို ဘက်ဟိုးများဖြင့် တူးထုတ်၍ တူးမြောင်းများလုပ်ထားပြီး ခုခံစစ်အတွက်ပြင်ဆင်လျက်ရှိကာ စစ်တွေမြို့အတွင်းတွင် လည်း လုံခြုံရေးဂိတ်စခန်းများကို အင်အားတိုးချဲ့ချထားပြီး ညစဉ်ကင်းလှည့်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်ကလည်း စစ်တွေမြို့ ကမ်းနားတစ်လျောက်ကို သံတိုင်များစိုက်ထူ၍ ခြံစည်းခတ်ပြီး မြို့ကို ပိတ်ဆို့ထားပြီး စစ်တွေမြို့တွင် စစ်တွေ ဒကစ၊ ခလရ ၂၀၊ ခလရ ၃၄၄၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ရဲတပ်ရင်း ၃၆နှင့် ရဲတပ်ရင်း ၁၂၊ လက်ရုံးတပ်များရှိသည်။

ပုံစာ- ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီတပ်များ စစ်တွေမြို့အတွင်း ကင်းလှည့် အင်အားပြစဥ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *