လားရှိုးတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးမှာ UWSA က ကူညီဆောင်ရွက်ပေးနေ

ဇူလိုင်လ ၃ရက်နေ့ ကနေ ဩဂုတ်လ ၃ ရက်နေ့အထိ ၁လအကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့မှာ ပြည်သူတွေနေအိမ်နဲ့ ရပ်ကွက်အတွင်း မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေ များစွာကျန်ရှိနေခဲ့တယ်လို့ မြို့ခံတွေက‌ ပြောပါတယ်။

အဲ့ဒီ စစ်လက်နက်အကြွင်းအကျန်တချို့ကို ရှင်းလင်းဖို့အတွက် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

“မိုင်းရှင်း‌လင်းရေးအတွက် “ဝ”ရုံးကို သွားပြောတယ်၊ “ဝ”ရုံးလည်းလိုက်ရှင်းပေးတယ်၊ ဘယ်အိမ်မှာ ဘယ်အိမ်မှာ မိုင်းတွေမပေါက်သေးဘူး၊ စိုက်နေတယ်ပေါ့နော်”လို့ “ဝ” အမျိုးသား မြို့ခံတစ်ဦးက ပြောပါတယ်။

UWSA က “ဝ”လူမျိုးတွေအတွက်သာမဟုတ်ဘဲ အကူအညီတောင်းခံလာတဲ့ လူတိုင်းအတွက် နယ်မြေရှင်းလင်းရေးမှာ ကူညီဆောင်ရွက်ပေး‌နေတာပါ။

“တို့တွေက “ဝ”ဆိုပေမဲ့လည်း ဒီရပ်ကွက်အကုန်လုံးက မိသားစုလိုနေတာလေ၊ ဟိုဘက် ကရင်အိမ်တွေဆိုလည်း အကြောင်းကြားပေးတယ်၊ သူတို့(UWSA) လာရှင်းပေးတယ်ပေါ့နော်၊ သူတို့လက်လှမ်းမီသလောက် အဲ့လိုလုပ်တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ယခင်က လားရှိုးမြို့မှာ ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်နေစဉ်ကလည်း UWSA ရဲ့ ပြင်ပဆက်ဆံရေးရုံးမှာ ပြည်သူတွေအသုံးပြုနိုင်ဖို့ Starlink (ဂြိုဟ်တုအင်တာနက်)ကိုလည်း ပံ့ပိုးပေးထားပါတယ်။

လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် MNDAA ကြားတိုက်ပွဲစတင်ဖြစ်ပွားပြီးတဲ့နောက် ဇူလိုင်လ ၂၇ ရက်နေ့မှာ UWSA က မြို့ထဲကို အင်အားရာချီနဲ့ နဲ့ဝင်ရောက်ခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *