စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အပါအဝင် ခုနှစ်ဦး သေဆုံး

မန္တလေး နန်းတွင်း လပခ ကို ရှော့ဒုံးနဲ့ တိုက်ခိုက်မှု ထိမှန်တဲ့ ပစ်မှတ်စာရင်း ထုတ်ပြန်

စစ်အုပ်စု (၁၈)ဦး ဒဏ်ရာရပြီး စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အပါအဝင် ခုနှစ်ဦး သေဆုံးဟုဆို

နန်းတွင်း အဝင်အထွက် ပိတ်ပြီး စစ်အုပ်စု အချင်းချင်း ဖုန်းတွေ သိမ်းယူကာ စစ်ဆေးနေဟုဆို

မန္တလေးမြို့၊ နန်းမြို့တွင်းရှိ အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ရာ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ထိမှန်ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး အဆင့် စိုးဝင်းရဲ့ ကိုယ်ရေး အရာရှိ အပါအ၀င် စုစုပေါင်း စစ်အုပ်စု ခုနှစ်ဦး သေဆုံးတယ်လို့ Brave Warriors for Myanmar (BWM)က ထပ်မံ သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ(၃)ရက် မနက် အစောပိုင်းက မန္တလေးနန်းတွင်း လပခ ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီးအဆင့် စိုးဝင်း ရောက်ရှိ နေချိန် (၁၀၇မမ) ရှော့တိုက်ဒုံး (၁၀)လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ခုနှစ်လုံး အောင်မြင်တယ်လို့ BWM ပြောရေး ဆိုခွင့်ရှိသူကပြောပါတယ်။

နန်းတွင်းရှိ စစ်အုပ်စုရဲ့ ရဆလ-၁ (ရှေ့တန်းအခြေချဆေးသိုလှောင်ရေးတပ်)ကို ရှော့ဒုံးတစ်လုံး၊ မဆလ -၁ (စစ်မြေပြင်ဆေးတပ်ရင်း) ကို တစ်လုံး၊ အမှတ်(၁) တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းကို တစ်လုံး၊ လပခ တိုင်းရုံးကို နှစ်လုံးနဲ့ ထပရ – ၁၂၁ (ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတပ်)ကို နှစ်လုံး ထိမှန်တယ်လို့ ဆိုပါတယ်။

ရှော့တိုက်ဒုံး ထိမှန်လို့ လပခ တိုင်းရုံး၊ စစ်ဆေးရုံနဲ့ စစ်မြေပြင် ဆေးတပ်ရင်း၊ စည်းရုံးရေး သင်တန်းကျောင်းတို့ ထိခိုက်ပျက်စီးမှု ရှိပြီး စုစုပေါင်း စစ်အုပ်စု (၁၈)ဦး ဒဏ်ရာရကာ အဲ့ဒီအထဲက စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အဆင့်ရှိသူနဲ့ အရာရှိ အဆင့်တွေ အပါအဝင် ခုနှစ်ဦး သေတယ်လို့ BWM က ပြောပါတယ်။

“အဲဒီ လပခထဲ ကျရောက်တဲ့ ရှော့တိုက်ဒုံး နှစ်လုံးမှာ စိုးဝင်း အိပ်နေရာ နေရာနှင့် မီတာ(၄၀)အကွာမှာ ပေါက်ကွဲခဲ့၍ ဒုချုပ် စိုးဝင်းမှာ အမြန်ဆုံး လပခ မှ နေပြည်တော်သို့ မနက်(၄:၄၅)နာရီမှာ လေယာဉ်နှင့် ပြေးခဲ့ရသည်ဟု ကြားသိရသည်။ ထို စစ်တိုင်းရုံးထဲတွင်ပင် စစ်ကောင်စီနှင့် တရုတ်၏ ပူးပေါင်း လုပ်ဆောင် နေသည့် အကြီးစား Drone Centre တစ်ခု ထိခိုက် ပျက်စီးသည်” လို့ BWM က ဆိုပါတယ်။

စိုးဝင်းဟာ လပခ မှာ အထိုင်ချပြီး တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်ဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲ ခုခံဖို့နဲ့ ရှမ်းမြောက်ကို ပြန်လည် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း BWM က ဆိုပါတယ်။

အဆိုပါ ရှော့ဒုံး တိုက်ခိုက်မှုကို BWM ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“မန္တလေး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ကျနော်တို့ ရဲဘော်များ အားလုံး သက်ဆိုင်ရာ ဌာနေ အသီးသီးကို ဘေးကင်းလုံခြုံစွာ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း စိတ်ပူနေကြသူ ပြည်သူ အားလုံးကို အသိပေး တင်ပြအပ်ပါသည်ခင်ဗျာ” လို့လည်း BWM က ထုတ်ပြန်ပါတယ်။

လပခ ရှော့ဒုံးနဲ့ အထုခံရပြီးနောက် စစ်အုပ်စုက နန်းတွင်း အဝင်အထွက်ကို ပိုမို တင်းကြပ်ကာ စစ်အုပ်စု အချင်းချင်း မသင်္ကာမှုနဲ့ ဖုန်းတွေသိမ်းယူပြီး စစ်ဆေးနေတယ်လို့ သတင်းကြားကြောင်း BWM ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“လက်ရှိမြေပြင် အခြေအနေက လပခ ကို အဝင်အထွက် အားလုံး ပိတ်လိုက်ပြီ။ နေပြည်တော်မှ (စခ)ကား နှစ်စင်းဖြင့် ရောက်ရှိလာပြီး နန်းတွင်းရှိ (စခ) အားလုံးရဲ့ ဖုန်းများကို စစ်ခြင်း၊ မသင်္ကာသည့် (စခ)များကို စစ်ကြော မေးမြန်းချင်းများ ခွေးအချင်းချင်း လုပ်ဆောင်နေကြပါတယ်”

BWM အနေနဲ့ ပိုမို ပြင်းထန်တဲ့ စစ်ဆင်ရေးတွေနဲ့ လပခကို အရှိန်မြင့် တိုက်ခိုက်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ BWM နဲ့ မဟာမိတ်အဖွဲ့တွေ အနေနဲ့က လပခကို ဒါက ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ၂၀၂၃ ဒီဇင်ဘာကလည်း တစ်ကြိမ် တိုက်ခိုက်ခဲ့ပါသေးတယ်” လို့ BWM ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

လပခ ကို ရှော့ဒုံးနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စု အသေအပျောက် စာရင်းနဲ့ ထိခိုက်မှု စာရင်းတွေကို သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်အုပ်စုကလည်း နန်းတွင်း လပခထဲက စစ်ခစန်းတွေ ရှော့ဒုံးထိမှန်တာ မရှိဘူးလို့ ငြင်းပြီး နန်းမြို့ရိုးအပြင်ဘက် စစ်အုပ်စု စခန်းတွေ၊ ဂိတ်တွေအနီး လူနေရပ်ကွက်ထဲသာ ရှော့ဒုံးတွေ ကျရောက်တယ်လို့ သတင်းဖြန့်ပါတယ်။

စက်တင်ဘာ(၃)ရက် မနက်(၄)နာရီဝန်းကျင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်က နေအိမ်၊ စစ်အုပ်စု အမှတ်(၄)ရဲစခန်းအနီးက နေအိမ်နဲ့ မန္တလေး – မတ္တရာ ကားလမ်းပေါ်က စစ်အုပ်စု ရွှေကျင် ငွေညှစ်ဂိတ် စတဲ့ နေရာတွေကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ မြို့ခံ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရကာ နေအိမ် အဆောက်အဦးတချို့ ပျက်စီးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ မနေ့က မနက်ပိုင်း စစ်အုပ်စုက မတ္တရာမြိုနယ်၊ အနောက်ခြမ်းနဲ့ တောင်ခြမ်းက ရွာတွေကို လက်နက်ကြီး ထုတာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ခဲ့သလို ညနေပိုင်းနဲ့ ညပိုင်းတွေမှာလည်း လက်နက်ကြီး ပစ်ခတ်တယ်လို့ ယူဆရတဲ့ မန္တလေးမြို့ အနောက်ဘက်ခြမ်း၊ ဧရာဝတီမြစ်အတွင်းက ကျွန်းရွာနဲ့ မြစ်ကမ်းက ရွာတွေကို စစ်အုပ်စုက စီးနင်းအကြမ်းဖက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး နန်းမြို့တွင်းက လပခ ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ပြီး ထိမှန်ခဲ့တဲ့ နေရာများ/Photo – BWM


Comments

Leave a Reply

Your email address will not be published. Required fields are marked *