ကမ္မမြို့ဓာတ်အားခွဲရုံ ရဲကင်းစခန်း လေးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်သွား

မကွေးတိုင်း၊ ပခုက္ကူမြို့နှင့် (၁၈)မိုင်ခန့်ဝေးသော ကမ္မမြို့လျှပ်စစ်ဓါတ်အားခွဲရုံရှိ စစ်ကောင်စီ​၏ ရဲကင်းစခန်း လေးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

အင်အား ၃၀ ခန့်ရှိသော ကမ္မဓာတ်အားခွဲရုံ ရဲကင်းစခန်းအား တော်လှန်ရေးမဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ လေးရက်ဆက် ဒရုန်းများဖြင့် Drop Bombများ နေ့ရောညပါ ဆက်တိုက်ချတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိလာ၍ ယမန်နေ့ (စက်တင်ဘာ ၄ ရက်) နံနက်ပိုင်းတွင် ရဲကင်းစခန်းအား စခန်းစွန့် ဆုတ်ခွာသွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ကမ္မကို ဆုတ်သွားတယ်။ ဒီလျှပ်စစ်ဓါတ်အားခွဲရုံစခန်းနဲ့ ကမ္မရဲစခန်းက မလှမ်းမကမ်းပဲ။ ဒီကောင်တွေက အုပ်ချုပ်ရေးနယ်ကျယ် ပြန့်ချင်လို့ ဒီနေရာကို လုံခြုံရေးယူထားတဲ့သဘောပါ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ရဲကင်းစခန်းမှာ လျှပ်စစ်ဓါတ်အားခွဲရုံ၌ အခြေချထား၍ ပြည်သူများအား လျှပ်စစ်ပေးရာ နေရာဖြစ်သောကြောင့် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးရန် နယ်ခံများအား အပ်နှံပေးခဲ့ကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်ပကဖ ကမ္မတပ်ပေါင်းစု၊ ပေါက်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း(၁၃)၊ တပ်ရင်း(၂)၊ မဟာမိတ်အဖွဲ့များ၊ ကမ္မတပ်ပေါင်းစု၏ Drone အဖွဲ့များ၊ မြိုင်မြို့နယ် ပကဖ ၏ Drone အဖွဲ့များ၊ ပေါက်မြို့နယ် ပကဖ ၏ Drone အဖွဲ့များ၊ မကွေးတိုင်း Drone Team၊ မဟာမိတ်တော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြိုင်ပကဖနှင့် မဟာမိတ်များသည် သြဂုတ် ၇ ရက်က ကိုင်းတောမရဲကင်းစခန်းနှင့် စခန်းများအားလုံးအား ၄ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်ကလည်း ကမ္မမြို့ရဲစခန်းမှ ဈေးဝယ်လာသည့် ရဲတစ်ဦးကို PDFအဖွဲ့က ဖမ်းဆီးမိခဲ့သေးသည်။

၂၀၂၃ စက်တင်ဘာ ၁၉ ရက်ကလည်း ကမ္မမြို့မ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးတို့ကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ကမ္မမြို့ ရဲကင်းစခန်းကို ၂၀၂၂ ဒီဇင်ဘာ ၂၁ ရက် က ဒေသတွင်း PDF များသွားရောက် တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးခဲ့သည်။

(ကမ္မဓာတ်အားခွဲရုံ ရဲကင်းစခန်းအား စစ်အုပ်စုဝင်များ စခန်းစွန့်ဆုတ်ခွာသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – မြိုင်ပကဖ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *