တပ်မဟာ (၇) နယ်မြေအတွင်း စစ်သင်တန်းတက်ရောက်ခဲ့သည့် လူငယ်များစာရင်း စစ်ကောင်စီထံပေါက်ကြား

တပ်မဟာ (၇) နယ်မြေအတွင်း စစ်သင်တန်းတက်ရောက်ခဲ့သည့် လူငယ်များစာရင်း စစ်ကောင်စီထံပေါက်ကြား

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၇)နယ်မြေအတွင်း စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ ဖွင့်လှစ်ခဲ့သည့် စစ်သင်တန်းများအနက် အပတ်စဉ်(၂) စစ်သင်တန်းတက်ရောက်ခဲ့သည့် လူငယ်တွေရဲ့ အမည်စာရင်းနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ စစ်ကောင်စီထံ ပေါက်ကြားသွားခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။

လက်ခံရရှိထားတဲ့ အချက်အလက်တွေအရ အပတ်စဉ်(၂) သင်တန်းတက်ရောက်ခဲ့သူ လူငယ်ပေါင်း (၁၄၀)ဦးရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ ရဲဘော်အမည်၊ အဘအမည်၊ နေရပ်လိပ်စာနဲ့ အရေးပေါ်ဆက်သွယ်ရမယ့် မိသားစုဝင် စာရင်းတွေပါ ပါဝင်တဲ့ အချက်အလက်တွေ စစ်ကောင်စီထံ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။

‘ကျွန်တော်တို့ လက်လှမ်းမီသလောက်တော့ အချိန်မီတိမ်းရှောင်ဖို့ ပြောထားပါတယ်၊ အချို့က သင်တန်းတက်ပြီးချိန်မှာ သူတို့ဆန္ဒအရ ပြည်တွင်းပြန်ဝင်သွားပြီး ပုံမှန်နေထိုင်သူတွေလည်းရှိတယ်’ လို့ အပတ်စဉ်(၂) သင်တန်းဆင်း ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီထံအချက်အလက်တွေ ပေါက်ကြားခဲ့ပြီးနောက် စစ်ကောင်စီက တဆင့် သက်ဆိုင်ရာ မြို့နယ်အလိုက် ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့တွေကို ပေးပို့တဲ့ စာတွေမှာတော့ စာရင်းပါ လူငယ်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖို့ ဖမ်းဆီးဖို့တွေကိုပါ ညွှန်ကြားထားတာကိုစိစစ်တွေ့ရှိရပါတယ်။

‘စာရင်းပေါက်ကြားပြီးတော့ ကျွန်တော်တို့သိရသလောက် ရဲဘော်သုံးဦးရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းရှာဖွေတယ်လို့ သတင်းရပါတယ်၊ တစ်ဦးရဲ့ ဖခင်ဖြစ်သူကိုလည်း စခတွေဖမ်းသွားတယ်’လို့ အပတ်စဉ်(၂) သင်တန်းဆင်း အခြားရဲဘော်တစ်ဦးက ပြောပါတယ်။

အခုလို စာရင်းပေါက်ကြားမှုဟာ အပတ်စဉ်(၂) သင်တန်းနဲ့ ဆက်စပ်ခဲ့ဖူးသူ ရဲဘော်တစ်ဦးဟာ လွန်ခဲ့တဲ့ သုံးလခန့်က စစ်ကောင်စီထံ လက်နက်ချသွားရောက်ခဲ့ပြီးနောက် ပေါက်ကြားခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီထံ ပေါက်ကြားခဲ့တဲ့ စာရင်းအချက်အလက်မှာ ကျဆုံးရဲဘော်စာရင်း၊ ဖမ်းဆီးခံထားရတဲ့ ရဲဘော်စာရင်းတွေအထိ အတိအကျ ပါဝင်နေတာကိုလည်းစိစစ်တွေ့ရှိရပါတယ်။

🖋ပြည်စိုး (CJ Platform)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top