AA အဖွဲ့နဲ့ မိတ်ဆွေဖြစ်ဖို့လိုအပ်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ပြော

အာရက္ခတပ်တော် (AA) နဲ့ ချင်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် မီဇိုရမ်ပြည်နယ်နဲ့ပါ မိတ်ဆွေဖြစ်ဖို့လိုအပ်တယ်လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုးမား (Pu Lalduhoma) က ပြောဆိုကြောင်း အမေရိကန်အခြေစိုက် ချင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Zomi National TV News က မနေ့က ဖော်ပြပါတယ်။

စက်တင်ဘာ ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မှာ အမေရိကန်ရောက် ချင်းလူမျိုးတွေနဲ့ မီဇိုရမ်ဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်တာပါ။

ကုလားတန်မြစ်ကြောင်း စီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) နဲ့ မီဇိုရမ်ပြည်နယ် အစိုးရတို့ တွေ့ဆုံမှုရှိခဲ့ပေမဲ့ ပလက်ဝဒေသအခြေစိုက် စီမံကိန်းဖြစ်လို့ ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိမလားလို့ ချင်းအဖွဲ့အစည်းတွေက မေးမြန်းရာမှာ အခုလိုပြောတာပါ။

Zomi National TV News က ဖော်ပြတဲ့ ရုပ်သံဗီဒီယိုထဲမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုးမား (Pu Lalduhoma) က အာရက္ခတပ်တော် (AA) ဟာ အင်အားကြီးမားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အချင်းချင်းကြား ပဋိပက္ခဖန်တီးဖို့မလိုကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

“သူတို့က အင်အားကြီးမားလွန်းတယ်။ အဲဒါကြောင့် တိုက်ဖို့မဟုတ်ဘဲ ချစ်ကြည်ရင်းနှီးရမယ်၊ သူငယ်ချင်းမိတ်ဆွေဖွဲ့ရမယ်။ ဒါ့ကြောင့် CNA ၊ ချင်းညီနောင်၊ ZRA-EC၊ ZRA – WC နဲ့ တခြားချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့ဟာ ဘုံရန်သူ တူညီတာကြောင့် အချင်းချင်းကြား ပဋိပက္ခဖန်တီးမယ်ဆိုရင် စစ်အစိုးရကို ကျေနပ်စေမှာဖြစ်တယ်။ သူတို့ကို မိတ်ဖွဲ့သင့်တယ်။ ဒီလိုမဟုတ်ရင်တော့ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်အထိ ပြဿနာတွေ ကူးဆက်လာနိုင်တယ်”

လက်ရှိမှာ ချင်းပြည်နယ်အတွင်း ချင်းညီနောင်အဖွဲ့နဲ့ AA တို့ ပူးပေါင်းမဟာမိတ်ဖွဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်နေပြီး မတူပီမြို့နဲ့ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ကို သိမ်းပိုက်ထားပါတယ်။

ဒါပေမဲ့ ချင်းအမျိုးသား တပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းလဲန်းကောင်စီတပ်ကတော့ AA အနေနဲ့ ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေရပ်ဖို့၊ ချင်းပြည်နယ်ကနေ ချက်ချင်းထွက်ခွာဖို့ ဇွန် ၁၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်တွင် အမေရိကန်ရောက် ချင်းလူမျိုးများနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုးမား (Pu Lalduhoma)တို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က တွေ့ဆုံခဲ့စဥ်။ (Screenshot from Zomi National TV News’ Video)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top