မောင်ရွှေလေးရေတပ်အတွင်း စစ်ကူပို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကုန်ထွက်ပြေးသွားကြပြီး အာရက္ခတပ်တော် AAက ရေတပ်အတွင်း နေရာအများစုကို နေရာယူထိန်းချုပ်နေကြောင်း သိရသည်။

စက်တင်ဘာ ၄ရက်နေ့က ရေတပ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ အကုန်စခန်းစွန့်ခွါထွက်ပြေးသွားကြပြီး ပင်လယ်ပြင်မှပစ်ကူပေးနေသည့် စစ်သင်္ဘောအချို့ပါဆုတ်ခွါသွားကြောင်း သိရသည်။

“ပင်မရေငုတ်တပ်ရော၊ နောက်ထပ်စစ်ကူပို့ထားတဲ့သူတွေရော အကုန် ပင်လယ်ထဲရပ်ထားတဲ့ သဘ်ောတွေပေါ်တက်ပြီးပြေးကြတယ်။ ကျန်တဲ့ စစ်သင်္ဘောအချို့က အဝေးကနေ လက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၅ရက်နေ့မနက်ပိုင်းတွင် ပင်လယ်ပြင်အနီး အနည်းငယ်သာကျန်ရှိတော့သည့် စစ်သင်္ဘောအချို့မှ လက်နက်ကြီးများဖြင့်အဝေးမှ ပစ်ခတ်နေသည့်အတွက် မောင်ရွှေလေးဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၇ရက်နေ့ကလည်း မောင်ရွှေလေးရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့များ အလံဖြူထောင်၍ ထွက်ပြေးခဲ့ကြသေးရာ စစ်ကောင်စီက ယင်းနေ့တွင်ပင် ရေတပ်အတွင်းစစ်ကူပို့‌ဆောင်ခြင်းနှင့် ပင်လယ်ပြင်မှ စစ်သင်္ဘော ရှစ်စီးတို့က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲမှာပိုမို ပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၄ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေးသွားသည့် ရေတပ်ကို AAက ဝင်ရောက်ထိန်းချုပ်လျက်ရှိကြောင်း သိရသည်။

AAက သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အားလုံးကို တိုက်ခိုက်မောင်းထုတ်ခဲ့ပြီး ယခုနောက်ဆုံးကျန်နေသည့် မောင်ရွှေလေးရေတပ်ကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းမှုနှင့်ပတ်သက်ပြီး AAဘက်က ထုတ်ပြန်မှုပြုလုပ်ထားခြင်းမရှိသေးပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *