မြိုင်နယ် သရက်ကန်ရွာ ပျူစခန်းကို တိုက်ခိုက်တော့မယ်လို့ ကြိုတင် သတိပေး

မကွေးတိုင်း မြိုင်မြို့နယ်၊ သရက်ကန်ရွာ ပျူစောထီးစခန်းကို တိုက်ခိုက်တော့မှာမို့ ပျူတွေ လက်နက်ချ အညံ့ဖို့နဲ့ ကျေးရွာထဲမှာ ရှိနေတဲ့ ပြည်သူတွေ အနေနဲ့လည်း တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ ဒေသခံ တော်လှန်ရေး တပ်တွေက သတိပေး ထုတ်ပြန်ပါတယ်။

သရက်ကန်ရွာ ပျူ‌စောထီးစခန်းက ပျူတွေ လက်နက်ချဖို့နဲ့ ရွာထဲက ပြည်သူတွေ တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းဖို့ စက်တင်ဘာလ ၇ ရက်က စတင်ကာ တစ်လ အချိန်ပေးမယ်လို့ အညာမြေတပ်ပေါင်းစုနဲ့ TYK ပျောက်ကြားတပ်ဖွဲ့တို့က သတိပေးစာ ထုတ်ပြန်ပါတယ်။

လက်နက်ချသူတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ အကာအကွယ်ပေးပြီး လက်နက်နဲ့အတူ‌ ပူးပေါင်းပါက ဆုကြေးငွေနဲ့ အခြားခံစားခွင့်တွေ ပေးအပ်မယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲကို ဂုဏ်သိက္ခာအပြည့်နဲ့ တိုက်ဖို့ ရည်ရွယ်ပြီး စစ်ရေးပစ်မှတ် မဟုတ်တဲ့ သူတွေကို မထိခိုက်စေဖို့ ကြိုတင် သတိပေးစာ ထုတ်တာလို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“အတိအလင်း‌ဖိတ်ခေါ်ပြီး အတိအလင်း ကြေညာရတာကတော့ အနုပညာမြောက် စစ်တိုက်တယ်ဆိုတဲ့ စကားလို စစ်ကို ဂုဏ်သိက္ခာအပြည့် တိုက်ဖို့ ရည်ရွယ်ပြီး မထိခိုက်သင့်သူတွေကို မထိခိုက်ဖို့ပါ”

သရက်ကန်ရွာ ပျူစခန်းဟာ မြိုင်မြို့နယ်တောင်ပိုင်းမှာ တည်ရှိပြီး အဲ့ဒီရွာအတွင်း စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင် အထိုင်ချတပ်စွဲထားတာ ဖြစ်ပါတယ်။

သရက်ကန်ကျေးရွာမှာ အိမ်ခြေ ၄၅၀ ခန့်၊ လူဦးရေ ၂၀၀၀ ခန့် နေထိုင်ပြီး စစ်အာဏာသိမ်းပြီးနောက် ပျူစခန်း ဖွင့်ကာ ရွာခံတွေကို ပျူအဖွဲ့ထဲ ဝင်ခိုင်းတာကြောင့် ရွာခံအများစု ထွက်ပြေးနေကြရပြီး လက်ရှိမှာ သရက်ကန်းရွာ အတွင်း ပျူနဲ့ စစ်အုပ်စု လက်အောက်ခံ Non-CDM ဝန်ထမ်း အများစုသာ ကျန်တော့ကာ ပြည်‌သူနေအိမ် ၂၀ခန့် နေထိုင်နေသေးတယ်လို့ ဆိုပါတယ်။

သရက်ကန်ကျေးရွာကို တခြားမြို့ရွာတွေနဲ့ ကူးသန်းသွားလာလို့ မရအောင်၊ စစ်အုပ်စု စစ်ကြောင်းတွေ မဝင်နိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် သရက်ကန်ရွာက စစ်အုပ်စုနဲ့ပျူတွေ ရေနဲ့စားနပ်ရိက္ခာ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၆ ရက်ကလည်း သရက်‌ကန်ကျေးရွာက အိမ်ထောင်စု သုံးစု လူဦးရေ ၁၁ ဦး ထွက်ပြေး လွတ်မြောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်ခိုလှုံလာလို့ အစားအသောက်နဲ့ နေရာထိုင်ခင်း စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ သရက်ကန်ရွာ အပါအဝင် ပျူစခန်းဖွင့်ထားတဲ့ ကျေးရွာ ငါးရွာရှိပြီး ဝက်ပုတ်ရွာပျူစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၇ ရက်ကလည်း သရက်ကန်ရွာရဲ့ မြောက်ဘက် လေးမိုင်ခန့်အကွာ ကိုင်းတောမ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေက အပြီးသတ် သိမ်းယူခဲ့ပြီး ကိုင်းတောမရဲစခန်းက စစ်အုပ်စု သရက်ကန်ပျူစခန်းထဲ ထွက်ပြေးဝင်ရောက်သွားပါတယ်။

မြိုင်မြို့နယ် သရက်ကန်ရွာ (ပုံဟောင်း)/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *