MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ကသိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း လားရှိုး အခြေစိုက် Freedom Youth Volunteers-FYV မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၄ နာရီ ၇ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက် ၁၂ ၊ ပြည်ထောင်စုအားကစားကွင်းထဲသို့ စစ်ကောင်စီ၏ တိုက် လေယာဉ်များက ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရပ်နားထားသော ကားများနှင့် အဆောက်အအုံများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“ဒီမနက် ၄ နာရီ ၇ မိနစ်အချိန်မှာ လားရှိုးမြို့ ၊ အမှတ် ၁၂ ရပ်ကွက် ပြည်ထောင်စုအားကစားကွင်းထဲကို ဗုံးကျပါတယ်။ လူအထိခိုက်မရှိပါဘူး။ကင်းစောင့်နေတဲ့MMDAA တပ်ဖွဲ့ဝင် ၂ ဦးလည်းဘေးကင်းပါတယ်။ ဗုံးကျဲမှုမှာ ဆိုးတာကည အိပ်မောကျနေတဲ့အချိန်တွေပဲ” ဟု လားရှိုး အခြေစိုက် Freedom Youth Volunteers-FYV မှ တာဝန်ရှိသူက ရှင်းပြသည်။

လားရှိုးဒေသမှ ပြည်သူများကလည်း ယနေ့ နံနက် ၄ နာရီ ၇ မိနစ်အချိန် လားရှိုးမြို့တွင် အလွန်ကြီးမားသော ပေါက်ကွဲသံနှင့်အတူ အိမ်များပင် တုန်ခါသွားကြောင်း ပြောဆိုကြသည်။

အလားတူ ဩဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် နှင့် ည ၈ နာရီ ၅၀ မိနစ်အချိန်တို့တွင် လားရှိုးမြို့ အမှတ် ၉ ရပ်ကွက် အမှတ် ၈ အခြေခံပညာ အထက် တန်းကျောင်းတွင် ဗုံးများ ကျခဲ့ပြီး စာသင်ကျောင်းအတွင်း အဆောက် အဦးအများအပြား ပျက်စီးခဲ့ကြောင်း၊လူနေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခု စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ကရင်နီနှင့် ရှမ်းမြောက်ဒေသရှိ လားရှိုး အပါအဝင် ဆုံးရှုံးထားသော နယ်မြေများ ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်မည့် “ရန်နိုင်မင်း စစ်ဆင်ရေး” စတင်နေပြီဖြစ်ကြောင်း၊ ယင်းစစ်ဆင်ရေးအရ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ၊ လေကြောင်းတိုက်ခိက်မှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာကြောင်း၊ စက်တင်ဘာလ ၆ ရက်နေ့ ကရင်နီနှင့် နမ့်ခမ်းမြို့တို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *