မြို့ရွာများ ဆက်လက်ဗုံးကြဲမည်ဟု သတင်းစာမှနေ စစ်ကောင်စီ ဗြောင်ခြိမ်းခြောက်

ရှမ်းမြောက်နှင့် ကရင်နီဒေသတို့တွင် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး အရပ်သားသေဆုံးမှုများ ပြားချိန်တွင် လက်လွှတ်လိုက်ရသော မြို့ရွာများအား စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လိုအပ်သလို တိုက်ခိုက်သွားမည်ဆိုသော စစ်ခေါင်း ဆောင်၏ ပြောစကားကို ယနေ့ထုတ် ဝါဒဖြန့်သတင်းစာများ၌ ထပ်ဆင့် ဖော်ပြထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၃ ရက်က တောင်ကြီးမြို့တွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံစဉ် “လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သတိပြုရန် လိုအပ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောဆိုပြီး စက်တင်ဘာ ၆ ရက် နံနက် ၁ နာရီခန့်တွင် စစ်တပ်သည် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် တရုတ်- မြန်မာနယ်စပ် နမ့်ခမ်းမြို့ပေါ်သို့ လေကြောင်းမှ ပေါင် ၅၀၀ နှစ်လုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့ရပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ထို့ပြင် ဖယ်ခုံမြို့နယ်အနောက်ခြမ်း လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းအား စက် တင်ဘာ ၅ ရက်တွင်ပင် ဗုံးကြဲရာ ကလေးငယ်များအပါအဝင် ၉ ဦးသေဆုံးခဲ့ရပြီး၂၀ ခန့်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။

ထို့ပြင် စက်တင်ဘာ ၇ ရက် ညပိုင်းတွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ ဆူးရစ်ကုန်းရွာကို လေးကြိမ်မြောက်အဖြစ် လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်တပ်သည် လူသားများ၏ ဘဝလုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်အား လက်နက်ကိုင် ပဋိပက္ခအတွင်း အပြစ်မဲ့ပြည်သူများအား တရားလက်လွတ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ပြသခြင်းဖြစ်သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန် ပြောဆိုခဲ့သည်။

စက်တင်ဘာပထမပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၄၀ ခန့်သေဆုံးကာ သေဆုံးသူများထဲ ကလေးငယ်နှင့် အမျိုးသမီးများလည်း ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

ပုံစာ – ရှမ်းမြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို စက်တင်ဘာ ၆ ရက် ဗုံးကြဲ၍ ပျက်စီးမှုများ/ CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *