အရာရှိ ၅ ဦးကို အကျင့်ပျက်လာဘ် စားမှုဖြင့် ဖမ်းဆီး၍ ပိုင်ဆိုင်မှုများကို သိမ်းဆည်း

အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးဗိုလ်မှူးကြီးအပါအဝင် အရာရှိ ၅ ဦးကို အကျင့်ပျက်လာဘ် စားမှုဖြင့် ဖမ်းဆီး၍ ပိုင်ဆိုင်မှုများကို သိမ်းဆည်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)မှ စစ်ဦးစီးဗိုလ်မှူးကြီး အပါအဝင် အရာရှိငါးဦးကို အကျင့်ပျက်လာဘ်စားမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားကာ ပိုင်ဆိုင်မှု များကိုပါ သိမ်းဆည်းသွားကြောင်း သိရသည်။

အနောက်တောင်တိုင်း စစ်ဦးစီး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဗိုလ်မှူးကြီး မျိုးညွန့်ဦးအပါအဝင် စစ်ဦးစီးမှူးပထမတန်း အရာရှိ သုံးဦး စုစုပေါင်း ငါး ဦးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ဝင်ရောက်ဖမ်း ဆီးခဲ့ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

“ကမ်းခြေတွေကို စက်သုံးဆီတွေ သယ်ယူခွင့်ရဖို့က အရာရှိကြီးတွေရဲ့ လက်မှတ်နဲ့မှရတာ။ အခုဖြစ်တဲ့ ပြဿနာက သယ်သွားတဲ့ဆီပုံးတွေက ငသိုင်းချောင်း ရေနံသာဂိတ်ကဖြတ်ပြီး ရခိုင်ကိုရောက်သွားလို့။ အဲဒါ ကိုခွင့်ပြုရမလားဆိုပြီး စစ်တိုင်းစစ်ဦးစီးနဲ့အဖွဲ့ စစ်ဆေးခံနေရတာပါ။ တိုင်းစစ်ဦးစီးနဲ့ စစ်ဦးစီးမှူးတို့နှစ်ယောက်ကို ဖမ်းထားလိုက်ပြီ။ ကျန်တာတော့စစ်နေတုန်းပဲ”ဟု တပ်သတင်းရင်းမြစ်ကပြော သည်။

စရဖသည် ၎င်းအရာရှိ ငါး ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်မှစတင်၍ အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးကာ ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သယ်ဆောင်ခွင့်ရဖို့ လက်မှတ်ထိုးဖို့ သိန်း ၅၀၊ ၆၀ ပေးရတယ်။ စရဖအဖွဲ့က ဝင်ဖမ်းပြီး နတခစစ်ဦးစီးရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းတာနည်းတာမဟုတ်ဘူး။ နယ်လုံဝန်ကြီးလည်းပါတယ်။ သူကတော့ အခုလွတ် နေတုန်းပဲ။ စရဖနဲ့ညှိနှိုင်းနေတယ်လည်းကြားတယ်။ အခန့်မသင့်ရင် တိုင်းမှူးတောင် ထိုင်ခုံလှုပ် လောက်တယ်။ အဲဒါကြောင့် ပုသိမ်မှာရှိတဲ့ KTV တွေကို ဧည့်စာရင်းလိုက်စစ်ရသေးတယ်” ဟု သတင်း ရင်းမြစ်က ဆိုသည်။

စစ်ဦးစီး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၏ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးစဉ်တွင် ၎င်း၏ပိုင်ဆိုင်မှုများဖြစ် သည့် မြေကွက် ၁၂ ကွက်၊ တစ်အုပ်လျှင်သိန်းထောင်ချီရှိသည့် ဘဏ်စာအုပ်သုံးအုပ်၊ အခေါက် ရွှေတုံးများနှင့် ပုသိမ်မြို့ရှိ KTV ဆိုင်ကိုပါ သိမ်းဆည်းခံရကြောင်း သိရသည်။

လက်ရှိတွင် အနောက်တောင်တိုင်းစစ် ဌာနချုပ်၏ စစ်ဦးစီးနေရာကို ဒုတိုင်းမှူးဗိုလ်မှူးကြီး ရဲလင်း အောင်မှ တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *