မန္တလေးမြို့နှင့် ၅ မိုင် အကွာတွင် တိုက်ပွဲဖြစ်ပွား

မန္တလေးမြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့် အကွာတွင်ရှိသည့် မတ္တရာမြို့နယ် သုံးဆယ်ပေကျေးရွာနှင့် ကြာနီကန်အနီးတွင် ယနေ့ (စက်တင်ဘာ ၂၁ ရက်)နံနက်မှစတင်ကာ မွန်းလွဲပိုင်းချိန်ထိ လက်နက်ကြီးပစ်ခတ်သံများ ပြင်းထန်စွာ ကြားနေရကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“ကြာနီကန်ဖက်မှာပစ်နေတာ၊ ကားနဲ့သွားရင် မကြာဘူး ၁၅မိနစ်၊ မိနစ်၂၀ပေါ့၊ အများဆုံးနာရီဝက် မကြာမကြာထထပစ်နေတာ။ RPG ထုနေတာ လက်နက်ကြီးအသံတွေချည်းပဲ ကြားနေရတယ် ခုထိ” ဟု မန္တလေးမြို့ခံတဦးက ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

ယနေ့ နံနက် အစောပိုင်း ၂ နာရီခန့်မှစတင်ကာ မန္တလေးမြို့ အနောက်မြောက်ဘက်ရှိ မတ္တရာမြို့နယ် သုံးဆယ်ပေကျေးရွာကို စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀နာရီခွဲချိန်ခန့်တွင် တော်လှန်ရေးတပ်မှ တပ်ဆုတ်သွားသည်ဟု သတင်းရထားကြောင်း Voice of Mandalay မှ တာဝန်ရှိသူတဦးက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်မှ မန္တလေး မင်းကွန်းမြို့နယ် ရဲစခန်း၊ မတ္တရာမြို့ဘောလုံးကွင်းနှင့် ညောင်ကုန်းရွာဘက်မှ တိုက်ပွဲဖြစ်ပွားရာ သုံးဆယ်ပေရွာအနီးနှင့် မန္တလေး၊ မင်းကွန်းနှင့် မတ္တရာနယ်အစပ် ဧရာဝတီမြစ်ရိုးရှိ ပေါက်ဝဲ၊ မင်းကွန်း၊ ညောင်ကုန်း၊ ထီးတော်မိုး စသည့်ကျေးရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဒေသခံ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း ကနဦးသိရသည်။ ထိခိုက်သေဆုံးမှုအသေးစိတ်အခြေအနေကို မဇ္ဈိမကစုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သုံးဆယ်ပေကျေးရွာအနီးရှိ ဒေသခံအမျိုးသမီးတဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

မတ္တရာမြို့နယ်ရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၊ Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင်တပ်စခန်းများအပါအဝင် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အခြေစိုက်ရာ တပ်စခန်း ၃၅ ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ရာ မတ္တရာမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF မှ ဇူလိုင် ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top