တောင်းခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ​၏ အမြောက်တပ် (၂၀၆)တပ်စခန်းနှင့် တောင်းခမ်းရွာရှိ စစ်ကောင်စီ​၏ အမြောက်တပ်ရင်း (၉၀၂)တပ်စခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

ယနေ့ နံနက် ၉နာရီခွဲကျော်တွင် စစ်ကောင်စီ အမတ(၂၀၆)တပ်၌လည်းကောင်း၊ ညနေ ၄နာရီခွဲကျော်တွင် တောင်းခမ်းရွာရှိ စစ်ကောင်စီ​၏ အမြောက်တပ်ရင်း (၉၀၂) တပ်ခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံး (၂)လုံး၊ မကျီးရေရွာရှိ အမတ (၃၅၄)တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် Y-12 ဖြင့် (၇)ကြိမ် ဗုံး(၆၀)လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု TNLAက အသိပေးသည်။

ထို့အပြင် တောင်းခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y8 ဖြင့် (၈)ကြိမ် လက်နက်ခဲယမ်းများ (၄၅)ထုပ်လာရောက်ချခဲ့သည်ဟု ထပ်မံအသိပေးထားသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲအတော်ပြင်းထန်ခဲ့သည်။

သို့သော် ယမန်နေ့ည ထုတ်ပြန်ချက်တွင် အမတ (၂၀၆)တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *