ဆားလင်းကြီးနယ် ချင်းတွင်းမြစ်ထဲမှာ စစ်အုပ်စု သင်္ဘော ၂၁ စီးကို တိုက်ခိုက်

စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လုံခြုံရေးယူ

ချင်းတွင်းမြစ်ကြောင်းအတိုင်း ကျောက်စိမ်း၊ သစ်၊ ကြေးနီနဲ့ ခိုးရာပါပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်အုပ်စု သင်္ဘော (၂၁) စီးကို စက်တင်ဘာလ (၂၁) ရက်က ဆားလင်းကြီးနယ် တနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် (Mi-35) ရဟတ်ယာဉ်နဲ့ လုံခြုံရေးလိုက်ယူပေးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်းကနေ ကျောက်စိမ်း၊ သစ်နဲ့ ခိုးရာပါပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်အုပ်စု သင်္ဘောတွေဟာ မုံရွာဆိပ်ကမ်းမှာ သုံးရက်ကြာ ဆိုက်ကပ်ရပ်နားခဲ့ပြီးနောက် မနေ့က စက်တင်ဘာလ (၂၁) ရက် မနက်ပိုင်းမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကြေးနီတွေကို ထပ်မံသယ်ဆောင်ကာ ချင်းတွင်းမြစ်ကြောင်းကနေ စုန်ဆင်းလာခဲ့တာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီလို ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စု သင်္ဘောတွေကို ဆားလင်းကြီးမြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရှေ့ထွက်ပြောင်းတိုက်တွေ၊ အဖူးထွက်တွေ၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်မှုရှိတာကြောင့် လက်နက်ကြီး၊ လက်နက်ငယ်၊ ပွိုင့်ဖိုက်၊ စက်လက်၊ (40mm) စက်တွဲ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ်ဗျ။ အတိအကျတော့ မသိရသေးဘူး။ သင်္ဘောတွေပေါ်မှာ ကျောက်စိမ်းတွေ၊ သစ်တွေ၊ ကြေးနီတွေပါတယ်။ နောက်ပြီးတော့ အကျဉ်းသားတွေလည်း ပါတယ်လို့ သိရတယ်ဗျ”လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စု သင်္ဘောတွေကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃၅)၊ တပ်ခွဲ(၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) ၊ Fighter Nine Force (Salingyi)၊ SRA အောင်ကြီး (Salingyi) စတဲ့ တော်လှန်ရေးအဖွဲ့တွေအပြင် မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ ငမိုးရိပ်စစ်ကြောင်း၊ Royal Tiger Force စတဲ့ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းသွားတဲ့ စစ်အုပ်စု သင်္ဘောတွေပေါ်မှာ ကျောက်စိမ်း၊ သစ်၊ ကြေးနီ စတဲ့ ခိုးရာပါပစ္စည်းတွေအပြင် မုံရွာမြို့ပေါ် အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေကိုပါ တင်ဆောင်ပြီး ထောင်နေရာပြောင်းရွှေ့သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *