တိုက်ပွဲအတွင်း ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၉ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား ဆယ်နဲ့ချီသေဆုံး

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးက မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား စက်တင်ဘာ ၂၁ ရက်မှ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ မြေပြင်တော်လှန်ရေးရင်းမြစ်တွေဆီကနေ သိရပါတယ်။

သုံးဆယ်ပေးကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ အင်အား ၄၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာအပါအဝင် ကုန်းတန်းလေး၊ ကုန်းတန်းကြီး၊ ကျွဲခြံကုန်းနဲ့ အနီးရွာ ၂၀ ခန့်ကို စစ်ကြောင်းထိုး မီးရှို့တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ခိုင်မာတဲ့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးမြို့နဲ့ ငါးမိုင်ခန့်သာဝေးတဲ့ သုံးဆယ်ပေးရွာအထိ တော်လှန်ရေးတပ်တွေ ရောက်ရှိလာတာကြောင့် မန္တလေးမြို့အထိ တော်လှန်ရေးတပ်တွေ မရောက်လာရေး ကာကွယ်နေတာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

“သုံးဆယ်ပေးဆိုတာကလည်း မန္တလေးနဲ့ ငါးမိုင်လောက်ဆိုတော့ မျက်ခုံးလှုပ်မှာပဲလေ။ လက်ရှိကတော့ သူတို့ဘက်က နယ်မြေရှင်းလင်းရေးလုပ်တာလို့ပဲမြင်ပါတယ်။ လက်ရှိကတော့ နှစ်ဖက် စစ်ရေးတင်းမာနေတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်က သုံးဆယ်ပေးရွာခံ ပျူစောထီး ကိုနေလင်းထွန်း(ခ)ကျောက်ထုနဲ့ ပေါင်းပြီး ရွာနဲ့တဝိုက်ကို သောင်းကြမ်းနေတာဖြစ်ပါတယ်။

အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ သုံးဆယ်ပေးရွာကို စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် အိမ်အလုံး ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကာ အဲဒီရွာခံတွေအပါအဝင် အနီးအနားကျေးရွာတွေက လူ ၅,၀၀၀ ခန့် ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၇ ရက်ကနေ ဒီကနေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ကလေး လေးဦးအပါအဝင် သေဆုံးသူ ဒေသခံ ကိုးဦးအထိရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုသေဆုံးသူတွေထဲ ရွာသစ်ကျေးရွာမှ အမျိုးသမီး သုံးဦး၊ ဆူးလေကုန်းကျေးရွာက အမျိုးသမီး ငါးဦးနဲ့ အမျိုးသားတစ်ဦးတို့အပြင် ဒေသခံ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၁ ရက်နေ့မှစတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၇၀ ဦးခန့် သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ ဗုံးကြဲမှုမှာ ရဲဘော်တွေ သေဆုံးမှုရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်မဖြေသေးပါဘူး။

မန္တလေးတိုင်းထဲက စဉ့်ကူး၊ တကောင်းနဲ့ သပိတ်ကျင်းမြို့တွေကို MDY-PDF အပါအဝင် NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီး မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်း ၃၅ ခုကိုလည်း Mdy-PDF က သိမ်းပိုက်ရရှိထားပါတယ်။ ဒါ့အပြင် မိုးကုတ်မြို့ကိုလည်း တအာင်းတပ် TNLA က ထိန်းချုပ်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *