NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကုလသမဂ္ဂညီလာခံ အစည်းအဝေးများတက်ခွင့်ရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်သော အစည်းအဝေးများတက်ရောက်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးအား ဖိတ်ကြားခဲဲ့ကြောင်း သိရသည်။

“ကျနော်ရောက်နေတာကတော့ UNCA Side Line အစည်းတခုကို လာတက်တာပါ။ ကုလသမဂ္ဂ ညီလာခံနဲ့တွဲပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Side Line အစည်းအဝေးကို လာတက်တာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ တော်လှန်ရေးအနေနဲ့ပေါ့ ဂုဏ်ယူစွာနဲ့ ပြောရရင်တော့ ကျန်းမာရေးဝန်ကြီးဆိုတဲ့ ကျနော့်နာမည်နဲ့ ဖိတ်လို့လာတက်တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဇော်ဝေစိုးက စက်တင်ဘာ ၂၁ ရက်တွင် ပြောသည်။

လက်ရှိကျင်းပနေသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့်ဆက်စပ်သော အစည်းဝေးများသို့ Community Health နှင့်ဆိုင်သည့် ကျန်းမာရေးကိစ္စများဆွေးနွေးရန် NUG အစိုးရ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာ ဇော်ဝေစိုးအား ကုလသမဂ္ဂမှ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ဒေါက်တာ ဇော်ဝေစိုး တက်ရောက်ခဲ့ သော်လည်း ကျန်းမာရေးဝန်ကြီးတယောက်အနေဖြင့် ဖိတ်ကြားခြင်းမဟုတ်ဘဲ အင်္ဂလန်နိုင်ငံ UHC ကော်မရှင်နာအဖြစ် ဖိတ်ကြားသဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ ဇော်ဝေစိုးသည် တော်လှန်ရေးနယ်မြေများအတွင်း Community Health Worker မွေးထုတ်ခြင်းသင်တန်းများအား၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးနေသူဖြစ်သည်။

ပုံစာ- စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့ရှိ UN ရုံးရှေ့၌ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲသို့ တက်ရောက်လာသည့် ဒေါက်တာ ဇော်ဝေစိုး

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top