ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲနေကြောင်း ဒေသပြည်သူများကပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း တိုက်ပွဲများ ဆက်တိုက် ပြင်းထန်လျက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ် ပေါက်ကွဲသံများလည်း ဆက်တိုက် ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
“ဒီနေ့လည်း ဆိုင်းတောင်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ ၄ နာရီ ၈ မိနစ်လောက်က ဂျက်ဖိုက်တာ ၁ စီး ဗုံး ၂ ခေါက်လာချသွားတယ်။ ဒီနေ့လည်း ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတယ်။ ဒီဂျက်ဖိုက်တာလာပြီးနောက်ပိုင်းမှာတော့ လက်နက်ကြီး ဆက်တိုက်ထုနေတယ်ပေါ့။ ၁၈ ရက်ရှိပြီပေါ့။ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ ဗျူဟာကုန်းက တစ်နေကုန် လက်နက်ကြီးထုနေတာ တိုက်ပွဲပြင်းထန်နေတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။
Leave a Reply