ရန်ကုန်တိုင်း ဗိုလ်တထောင်ခရိုင်မှာ နေ့စဥ်ဧည့်စာရင်း စစ်ဆေးနေပြီး ဦးဆောင်သူ ဒုဗိုလ်မှူးကြီး မောင်မောင်စိုးရဲ့ တရက်တာဝင်ငွေမှာ သိန်း ၅၀၀ ကျော်ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဗိုလ်တထောင်မြို့နယ်မှာ စက်တင်ဘာ ၂၂ ရက်က ဒုဗိုလ်မှူးကြီးနဲ့အဖွဲ့ဟာ မြို့နယ်နဲ့ပူးပေါင်းကာ ရပ်ကွက်အချို့ကို ဧည့်စာရင်းစစ်ခဲ့ပြီး ဖမ်းဆီးခံရသူတွေဆီက သိန်း ၆၄၀ ကို တောင်းယူပြီး ပြန်လွှတ်ခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သူ့ကို အများက အာရကေမောင်စိုးပဲ ခေါ်ကြတာ။ ဧည့်စာရင်းဖမ်းရင် ထောင် ၁၄ ရက်ပဲကျမှာ။ အဲ့လိုတွေလုပ်ချင်လို့ ဖမ်းတာမဟုတ်ဘူး၊ ပိုက်ဆံရှာချင်လို့ ဧည့်စာရင်းစစ်တာ၊ ဗိုလ်တထောင်မှာ သိန်း ၆၀၀ ကျော်တောင်းသွားတယ်။”
မင်္ဂလာတောင်ညွန့် နဲ့ ပုဇွန်တောင်မြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အတွင်း ဧည့်စာရင်းစစ်ဆေးခဲ့ပြီး ဖမ်းဆီးရမိသူတွေဆီက သိန်းထောင်ချီပြီး ဒုဗိုလ်မှူးကြီးမောင်မောင်စိုးက တောင်းယူသွားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“အချို့က ဧည့်စာရင်းတိုင်တယ်၊ ရက်ပဲကျော်တာ၊ ဒါဆို ဖမ်းလို့မရဘူး၊ သတိပေးဆုံးမပြီး ပြန်လွှတ်ရမှာ၊ အဲ့လိုဆို ဖုန်းတွေ ထပ်စစ်ခိုင်းတယ်၊ ဖုန်းမှာ ဘာမှမတွေ့ရင် FB ထဲက friend list တွေကြည့်ပြီး ရစ်ရော၊ အဲ့လိုငွေကို မရမက တောင်းတာ၊ အဲ့ဒီတုန်းက သိန်းထောင်ချီရသွားတယ်။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကလည်း သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်မှာ ဧည့်စာရင်းစစ်ဆေးပြီး လူဦးရေ ၅၀၀ ကျော်ကို ဖမ်းဆီးကာ တဦးကို ၁၀ သိန်းနှုန်းနဲ့ သိန်း ၅၀၀ ယူသွားတယ်လို့ လဝကနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒုဗိုလ်မှူးကြီး မောင်မောင်စိုးဦးဆောင်တဲ့ ဧည့်စာရင်းစစ်ဆေးတဲ့အဖွဲ့မှာ တပ်ရင်း ၉၊ မြို့နယ်ထွေအုပ်၊ မြို့နယ်လဝကနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ပါဝင်တယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဗိုလ်တထောင်ခရိုင်မှာပါဝင်တဲ့ မြို့နယ်တွေမှာ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သာကေတမြို့နယ်တွေ ဖြစ်ပါတယ်။
Leave a Reply