မင်းလှမှာ PDF တွေပစ်ခတ်မှာကြောက်ပြီး အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းထောက်ပံ့ကြေး လော်စပီကာဖြင့်အော်ကာကောက်ခံနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ်မှာ PDFတွေပစ်ခတ်မှာကြောက်ပြီး အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းထောက်ပံ့ကြေး လော်စပီကာဖြင့်အော်ကာ ကောက်ခံနေကြောင်း သတင်းရရှိပါသည်။

မင်းလှမြို့နယ်၊ အလယ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းနိုင်ဦးဆိုသူဟာ ဒေသခံများထံမှ စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်လျှင် ​ငါးထောင်ကျပ်ပေးဖို့ လော်စပီကာဖြင့်ဆော်၍ ကောက်ခံနေပြီး ၄င်းကောက်ခံသည့် ငွေမပေးသည့် နေအိမ်များအနေနဲ့ စစ်မှုထမ်းရန် လက်မှတ်ထိုးခိုင်းနေကြောင်း သိရသည်။

“အုပ်ကြီးက PDFတွေပစ်မှာကြောက်ပြီး အပြင်မထွက်ရဲတာကြောင့် တစ်အိမ်၅၀၀၀ကျပ်ပေးဖို့ အသံချဲ့စက်နဲ့အော်တောင်းပါတယ်။ မပေးရင် လက်မှတ်ထိုးရမယ် စစ်မှုထမ်းရမယ်ဆိုပြီး မီတာခများကိုလည်း အသံချဲ့စက်နဲ့အော်ပြီး ကောက်ခံပါတယ်”ဟု ဒေသခံတစ်ဦးက ပြောပြပါသည်။

မင်းလှမြို့နယ်တွင် ယခင်လပိုင်းက PDFတပ်ဖွဲ့များမှ အုပ်ချုပ်ရေးမှူးများအား ရှင်းလင်းမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး ထွန်းနိုင်ဦး ဟာ ကြောက်လန့်ပြီး အပြင်မထွက်တော့ဘဲ ယခုလို လော်စပီကာနဲ့ အော်၍ကောက်ခံလာတာဟု သိရသည်။

“PDFတွေပစ်မှာကြောက်ပြီး အပြင်တောင် သူကသိပ်ထွက်တာမဟုတ်ဘူး သူ့တပည့်ကပဲ ဒိုင်ခံလုပ်ပေးနေတာ။ စစ်မှုထမ်းထောက်ပံ့ကြေးက လတိုင်းပေးနေရတာပါ”ဟု ဒေသခံတစ်ဦးက ပြောပြပါသည်။

အလားတူ မိုးညိုမြို့နယ်တွင်လည်း စစ်မှုထမ်းထောက်ပံ့ကြေးပေးဖို့ အုပ်ချုပ်ရေးမှူးများက လော်စပီကာဖြင့်အော်ကာ ကောက်ခံနေ​ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *