စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်ဖြစ်လာသည့် ခရမ်းမြို့နယ်မှလူငယ် ၃ ဦး ရှေ့တန်းတွင် သေဆုံး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှ လူငယ် သုံးဦး သည် စစ်ကောင်စီ၏ စစ်မှုထမ်းအမှတ်စဉ် (၁) အဖြစ် တပ်သားသစ်စုဆောင်းခြင်းခံခဲ့ရပြီးနောက် ရှေ့တန်းတွင် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ သုံးဦးကို မည်သည့်တိုက်ပွဲ၊ မည်သည့်နေရာတွင် သေဆုံးကြောင်းကို အတည်ပြုပေးခြင်းမရှိဘဲ သေဆုံးပြီး လအတန်ကြာ စက်တင်ဘာ ၂၀ ရက်နေ့တွင်မှ စစ်ကောင်စီဘက်က သေဆုံးကြောင်းကို မိသားစုဝင်များထံ အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရသည်။

“အဲ့ကောင်လေးရဲ့ နာရေးက မနေ့ကပြီးသွားပါတယ်။ အလောင်းမရှိပါဘူး။ နာရေးကို ၂ ရက်နဲ့အပြီး လုပ်သွားပါတယ်။ တခြားနှစ်ယောက်က ခရမ်းကလို့ပဲသိရပြီး ဘယ်မှာနေတယ် ဆိုတာမသိရပါဘူးဗျ။ အသိပေးတာတောင် ညခင်းဘက်ကြီးအသိပေးတာ။ ကျသွားတာက တော်တော်ကြာပြီ၊ မိသားစုဝင် တွေက အဆက်အသွယ်မရလို့ဆိုပြီး ခဏခဏမေးရင်းက မလိမ်နိုင်တော့လို့ ပြောလိုက်တာ ထင်တယ်ဗျ” ဟု ခရမ်းချန်နယ်မှ တာဝန်ရှိသူကပြောသည်။

သေဆုံးသူများ၏ အလောင်းကိုပြန်မရသည့်အပြင် နာရေးကိုလည်း ၂ ရက်အတွင်း အမြန်ဆုံး သိုသိုသိပ်သိပ် ပြုလုပ်ရန် စစ်ကောင်စီက သတိပေးသွားကြောင်း သေဆုံးသူနှင့် နီးစပ်သူထံက သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်း အမှတ်စဉ် (၁) တွင်ပါဝင်သည့် တပ်သားသစ်များကို လတ်တလော တိုက်ပွဲပြင်းထန်နေသည့် ရှမ်းမြောက်၊ ရခိုင်နှင့် ကရင်နီဒေသများသို့ပို့ဆောင်ခဲ့ပြီး ခရမ်းမှလူငယ် သုံး ဦး သည်လည်း အဆိုပါစစ်မြေပြင်များတွင် ကျဆုံးခြင်းဖြစ်နိုင်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူထံက သိရသည်။

သေဆုံးသူ သုံးဦးအနက် တစ်ဦးကိုသာ စစ်ကောင်စီက အကြောင်းကြားထားပြီး ကျန်သည့် လူငယ်နှစ်ဦးမှာ ခရမ်းမြို့နယ်မှဖြစ်သော်လည်း မည်သည့်ကျေးရွာတွင် နေထိုင်သည်ကိုမူ စုံစမ်းသိရှိရခြင်း မရှိပေ။

ခရမ်းမြို့နယ် ကမာကလိပ်ကျေးရွာမှ စစ်မှူထမ်းရန်ပါသွားသူ အသက် (၁၉) နှစ်ရှိ ပေါက်စီ(ခ)မောင်နိုင်ဖြိုးပိုင်သည် စစ်မှု ထမ်းဆောင်ရန် မိမိသဘောဆန္ဒအလျောက် စစ်သင်တန်းတက်ရန် လိုက်ပါသွားသူ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းအမှတ်စဉ် (၁) အတွက် ၃လသင်တန်းပေးရာတွင် ယခုသေဆုံးသူသုံးဦးမှာ စစ်သင်တန်းပြီးပြီးချင်း ရှေ့တန်းသို့ပို့ခံလိုက်ရခြင်းဖြစ်ပြီး ၁ လအကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီက မိသားစုဝင်ထံသို့ လာရောက်အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းရန်အတွက် စစ်ကောင်စီသည် သင်တန်းသားသစ်ခေါ်ယူရာတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက သင်တန်းသားသစ်များကို မဲမနှိုက်ဘဲ မိမိသဘောဆန္ဒဖြင့် စစ်သင်တန်း တက်ရောက်ပါက အခွင့်အရေးပိုရမည်။
ရှေ့တန်းသို့ပို့ဆောင်ခြင်းမခံရဘဲ သင်တန်းသား အချင်းချင်းကိုပါ အုပ်ချုပ်ခွင့်ရှိမည်။ လစာနှင့် ခံစားခွင့် စရိတ်များကိုလည်း အခြားသူများထက် ပိုရမည်စသည့် မက်လုံးပေးမှုများဖြင့် မိမိသဘောဆန္ဒနှင့် စစ်မှုထမ်းရန် ခေါ်ယူမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် ရှမ်းမြောက်၊ တောင်ခမ်းကျေးရွာတိုက်ပွဲ၊ မောင်တော နခခ-၅ မြို့သူကြီး တိုက်ပွဲ၊ ဂွ ဂန့်ဂေါ်ဆည်တိုက်ပွဲတို့တွင် စစ်ကောင်စီဘက်က သေဆုံးနှင့် ထွက်ပြေးသူ အများစုမှာ စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံထားရသည့် သင်တန်းသားသစ်များ ဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *