ငမိုးရိပ်တမံရေပိုလွှဲ နှင့် မဟူရာတမံရေပိုလွှဲမှ ရေကျော်လျက်ရှိ

ငမိုးရိပ်တမံရေပိုလွှဲ နှင့် မဟူရာတမံရေပိုလွှဲမှ ရေကျော်လျက်ရှိ၍ ငမိုးရိပ်ချောင်းအနီးအပါအဝင် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ သတိပြုရန်လိုအပ်

မိုးဆက်လက်ရွာသွန်းနေသော ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်တမံရေပိုလွှဲနှင့် မဟူရာတမံ ရေပိုလွှဲမှ ရေပိုလွှဲရေထုတ်မှု ၃ ပေနှင့် ၂ ပေ ကျော်နေသည်ကို ယ‌နေ့နံနက်တိုင်းတာချက်အရ သိရ ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးစီးဌာနက ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၆ နာရီတိုင်းတာချက်တွင် ငမိုးရိပ်တမံရေပိုလွှဲမှရေ ၂ ဒသမ ၇၀ ပေကျော်နေပြီး ရေပိုလွှဲရေထုတ်နှုန်း ၂၄၁၀ ဒသမ ၀ cusec ရှိကြောင်းသိရသည်။

ငမိုးရိပ်ဆည်၏ ရေကူတွန်းဆည်ဖြစ်သော မဟူရာတမံရေပိုလွှဲမှရေ ၁ ဒသမ ၈၅ ပေကျော်နေပြီး ရေပိုလွှဲရေထုတ်နှုန်း ၂၃၄ ဒသမ ၀ cusec ရှိကြောင်းထုတ်ပြန်သည်။

ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲစိုးရိမ်ရေမှတ်သည် RL ၁၂၀ ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးစီးဌာနထံက သိရသည်။

ငမိုးရိပ်ချောင်းသည် မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ် ( မြောက်ပိုင်းနှင့်တောင်းပိုင်း) ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ပုစွန်တောင်၊ မင်္ဂလာတောင်ညွှန့်စသည့်မြို့နယ်များ ကိုဖြတ်သန်း စီးဆင်းပြီး ရန်ကုန်မြစ်အတွင်းစီးဝင်ခြင်းဖြစ်သည်။

လက်ရှိတွင်မုတ်သုံလေအားလျော့နည်းလာကာ မိုးရွာသွန်းမှုလျော့ကျလာနိုင်သော်လည်း ငမိုးရိပ်ချောင်း အနီးအပါအဝင် မြေနိမ့်ပိုင်းတွင် နေထိုင်သူများသတိထားနေထိုင်ရန် လိုအပ်ကြောင်း သိရသည်။

မုတ်သုံလေအားအဆင့်အတင့်ရှိနေသဖြင့် လာမည့် စက်တင်ဘာ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌နေရာ ကွက်ကြားမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် သည်။

ယမန်နေ့က ၂၄ နာရီအတွင်း ရန်ကုန် (မရမ်းကုန်းမြို့နယ်)တွင် မိုးရေချိန် ၁ ဒသမ ၈၅ လက်မ ရွာသွန်းကြောင်းသိရသည်။

ငမိုးရိပ်ရေလှောင်တမံသည် စိုက်ပျိုးရေပေးဝေးရေးနှင့် သောက်သုံးရေးအတွက် သုံးစွဲနေသောဆည် ဖြစ်ပြီး ရေထုတ်နုတ်ရာတွင် ရေထုတ်ပြွန် တစ်ခု၊ ရေပိုလွှဲ တစ်ခုနှင့် အကူရေပိုလွှဲတစ်ခုသာရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံက သိရသည်။

မဟူရာ (ငမိုးရိပ်) ရေကူရေလှောင်တမံသည် လှည်းကူးမြို့နယ်၊ ဘွတ်ကြီးကျေးရွာအထက်ဘက် ၂ မိုင်အကွာရှိ မဟူရာချောင်းတွင်တည်ဆောက်ထားခြင်းဖြစ်ပြီး ငမိုးရိပ်ရေလှောင်တမံ၏ ရေကူတမံ ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ထူးကဲဒီရေမြင့်တက်မှုကြောင့် ငမိုးရိပ်ချောင်း အနီးပတ်ဝန်းကျင်ရှိမြို့နယ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။

ဓာတ်ပုံ – IWUMD


Comments

Leave a Reply

Your email address will not be published. Required fields are marked *