မန္တလေးကျုံးဘေးမှာ ပျူတွေက ပြည်သူကို စစ်ဆေးငွေညှစ်ရင်း အမျိုးသားဦးကို သေနတ်နဲ့တေ့ ပစ်သတ်

မန္တလေးမြို့၊ ကျုံးဘေးမှာ ပြည်သူကို တားဆီးစစ်ဆေး ငွေညှစ်နေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေက လမ်းသွား လမ်းလာ အမျိုးသားတစ်ဦးကို တားဆီးစစ်ဆေးရင်း သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

မန္တလေးမြို့ နန်းမြို့တွင်းမှာ အခြေပြုတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ထဲက စစ်အုပ်စုနဲ့ စစ်အုပ်စု လက်သပ် မွေးမြူထားတဲ့ ပျူစောထီးတွေဟာ စက်တင်ဘာလ ၁၇ရက်က စလို့ မန္တလေး ကျုံးပတ်လည်မှာ နေရာယူပြီး လုံခြုံရေးအရ စစ်ဆေးတယ်လို့ အကြောင်းပြကာ ပြည်သူကို တားဆီးစစ်ဆေး၊ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၀ရက် မနက် ၁၀နာရီခွဲလောက်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ခြမ်း၊ ၆၆လမ်းနဲ့ ၁၄လမ်းထောင့်မှာ စစ်အုပ်စုက ဆိုင်ကယ်တစ်စီးကို တားဆီးငွေညှစ်ရင်း အမျိုးသားတစ်ဦးကို ပစ်သတ်တာလို့ မြင်တွေ့သူက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် ဖြစ်ပြီး ကျုံးဘေး ၁၂လမ်းဘက်ကနေ ၁၄ လမ်းအတိုင်း မောင်းနှင်လာချိန် ဆိုင်ကယ်သုံးယောက်တွဲ စီးနင်းတယ်လို့ ဆိုကာ စစ်အုပ်စုနဲ့ပျူတွေက တားဆီးငွေညှစ်ရာက စကားပြောနေရင်း အမျိုးသားတစ်ဦးကို ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

“ဆိုင်ကယ်ကို ဗျူ(ပျူစောထီး)က တားပါတယ်၊ သုံးယောက် စီးလာတာပါ၊ တားပြီး ပိုက်ဆံ တောင်းပါတယ်၊ ပိုက်ဆံ အဆင်မပြေလို့ တောင်းပန်ပါတယ်၊ ပိုက်ဆံမပေးနိုင်ရင် ဆိုင်ကယ် သိမ်းမယ် ပြောပါတယ်၊ သေသူက ဆိုင်ကယ်သော့ကို ခါးကြားထဲ ထိုးထားပါတယ်၊ အဲ့ ဗျူက ခါးကြားထဲက ဆိုင်ကယ်သော့ကို လှမ်းလုယူမို့ လုပ်တဲ့ချိန် သေသူက လက်နဲ့ ကာလိုက်ပါတယ်၊ အဲ့အချိန်မှာ သေနတ်နဲ့ တချက်တည်း ပစ်လိုက်ပါတယ်၊ တစ်ချက်တည်း သေသွားပါတယ်”

သေဆုံးသူဟာ ဆင်းရဲနွမ်းပါးတဲ့ ကျပန်းအလုပ်လုပ်ကိုင်သူ ဖြစ်ပြီး ကျုံးဘေး မြောက်ပြင်ဘက်အပြန် ပစ်သတ်ခံရတာလို့ မိသားစုနဲ့နီးစပ်သူက ဆိုပါတယ်။

စက်တင်ဘာလ ၁၉ရက်ကလည်း မန္တလေးမြို့ ကျုံးမြောက်ဘက်ခြမ်း၊ ၁၂လမ်းပေါ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးငွေညှစ်နေတဲ့ စစ်အုပ်စုက Delivery ပစ္စည်းပို့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ကျုံးဘေး လမ်းပေါ်မှာတင် အုပ်စုဖွဲ့ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ ကျုံးပတ်လယ်နဲ့ မြို့တွင်းက အဓိက လမ်းမကြီးတွေမှာ စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ပျူစောထီးတွေနဲ့ စစ်အုပ်စုက လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ သုံးဘီးအိုးဝေ မောင်းသူတွေကို အကြောင်းမဲ့ ဖမ်းဆီး‌ ရိုက်နှက်ပြီး ငွေညှစ်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ အထူးသတိထား ရှောင်သွားကြဖို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ MDY Revolution က သတိ‌ပေးထားပါတယ်။

စစ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်အတွင်း မန္တလေးကျုံးဘေးနဲ့ မြို့တွင်း လမ်းမတွေမှာ သွားလာရင်း စစ်အုပ်စုက ပစ်သတ်လို့ သေဆုံးရတဲ့ ပြည်သူ ၅၀ ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။

မန္တလေးကျုံးဘေးမှာ တွေ့ရတဲ့ စစ်အုပ်စုနဲ့ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေး ငွေညှစ်နေတဲ့ ပျုတွေ/Photo – စစ်အုပ်စု၊ CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *