ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက သက်ကြီးပိုင်းတွေ ဆွဲခေါ်ကာ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သင်တန်းပို့ချနေ

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အသက်၃၅နှစ်ကနေ အသက်၆၅နှစ်အထိရှိတဲ့ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးဆိုပြီး အဖွဲ့တွေဖွဲ့ပေးကာ စစ်သင်တန်းတွေ ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရပ်ကွက်အလိုက် စစ်သင်တန်းပို့ချပေးနေတာဖြစ်ပြီး ၁ရပ်ကွက်ကို အယောက်၅၀ကနေ အယောက်၆၀အထိ ပါဝင်ကြရတယ်လို့ ပြောပါတယ်။

“အခုအပတ်စဥ် စစ်သင်တန်းတက်နေတာ အမှတ် ၁၂ ရပ်ကွက်က သက်ကြီးရွယ်အိုတွေပေါ့။ အဓိကကတော့ ရာအိမ်မှူး ဆယ်အိမ်မှူးနဲ့ သူတို့နဲ့ပတ်သက်သူတွေများတယ်”လို့ မအူပင်မြို့နေထိုင်သူတစ်ယောက်ကပြောပါတယ်။

“သင်တန်းပေးနေတာကတော့ မအူပင်အခြေစိုက် ခလရ ၂၇ က ပေးနေတာ။ စက်တင်ဘာလ ၂၅ရက်နေ့က သင်တန်းစပေးမယ်လို့တော့ ကြားထားတယ်။ အရင်ကလည်း အမှတ်၂၇ တပ်ရင်းထဲမှာ ပြည်သူ့စစ်သင်တန်း ဆိုပြီး ပြည်သူ့စစ်တွေ၊ စစ်တပ်သတင်းပေးတွေကို လက်နက်ငယ်သင်တန်းတွေ လစဥ်ပေးခဲ့တာတွေလည်း ရှိတယ်” လို့ အထက်ပါဒေသခံက ထပ်ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော်လှန်ရေးစစ်ပွဲတွေကြောင့် အင်အားလျော့နည်းလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဥပဒေကို အသုံးချတာ၊ ပေါ်တာဆွဲတာ စတဲ့ နည်းမျိုးစုံနဲ့ အရပ်သားတွေကို စစ်တပ်ထဲ ဆွဲခေါ်နေတာဖြစ်ပြီး စစ်မှုထမ်းဥပဒေအရ အသက်ကျော်လွန်တဲ့ အမျိုးသားတွေကိုလည်း ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သင်တန်းပေးနေပြန်တာ ဖြစ်ပါတယ်။

ပုံစာ – အကြမ်းဖက်စစ်တပ် သင်တန်းပို့ချထားတဲ့ သက်ကြီးရွယ်အို ပြည်သူ့စစ်တချို့ (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *