ရေဘေး ကူညီကယ်ဆယ်ရေးထက် ဘတ်ဂျက်သန်းချီ သုံးစွဲမည့် သန်းခေါင်စာရင်းကိုသာ နောက်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်နေ

စစ်ကောင်စီက ရေဘေး ကူညီကယ်ဆယ်ရေးထက် ဘတ်ဂျက်သန်းချီ သုံးစွဲမည့် သန်းခေါင်စာရင်းကိုသာ နောက်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်နေ

စစ်ကောင်စီက ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးထက် ဘတ်ဂျက်ငွေ ဒေါ်လာသန်းချီ သုံးစွဲ၍ ကိုယ်ထူကိုယ်ထ ကောက်ယူရန် စီစဉ်နေသော သန်းခေါင်စာရင်းကိုသာ နောက်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ထောက်ပြသည်။

မဲစာရင်း အကြောင်းပြ၍ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ၎င်းတို့ ပြန်လည်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အသုံးချရန် ၁၀ နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသော သန်းခေါင်စာရင်းကို ပြည်ပအကူအညီ မပါဘဲ ကိုယ်ထူကိုယ်ထ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ လုပ်မည်ဟု ပြည်သူကို ကတိပေးထားသလို နိုင်ငံရေးထွက်ပေါက် ရှာလိုသဖြင့် သန်းခေါင် စာရင်း ကောက်ယူရန် ဇွတ်လုပ်ဆောင်နေသော်လည်း စစ်ဘေးရှောင် ၁၂ သိန်းကျော်ရှိနေသော စစ်ကိုင်းတွင် သန်းခေါင်းစာရင်း အချက်အလက်မှန် ကောက်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ဆိုသည်။

“စစ်ကိုင်းမှမဟုတ်ဘဲ မန်းနဲ့ မကွေးကလည်း ရေဘေးသင့် ပြည်သူတွေ များတဲ့အတွက် လူတွေဟာ အဆင်ပြေရာ ရွှေ့ပြောင်းနေထိုင်ကြလို့ စာရင်းမှန် မကောက်နိုင်ပါဘူး။ စာရင်းမမှန်တဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကိုသုံးပြီး ရွေးကောက်ပွဲ လုပ်ရင်လည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ မရှိပါဘူး” ဟု ကိုစိုးဝင်းဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး ကုန်ကျခဲ့ပြီး မြန်မာအစိုးရက ဒေါ်လာ ၁၅ သန်းကျခံခဲ့ပြီး ကျန်ငွေများနှင့် နည်းပညာကို ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) အပါအဝင် နိုင်ငံတကာမှ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ၁၀ နှစ်အကြာ စစ်ကောင်စီက ပြန်လည်ကောက်ယူမည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကိုမူ UNFPA က လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ကူညီပံ့ပိုးမည် မဟုတ်ဟု အတည်ပြု ထုတ်ပြန် ထားသလို ကမ္ဘာ့နိုင်ငံ အများစုကလည်း အာဏာသိမ်းမှုအပေါ် လက်ခံခြင်းမရှိ၍ ကူညီမည်မဟုတ် ကြောင်း သိရသည်။

“ဒီအခြေအနေမှာ အခုရေးဘေးအတွက်တောင် (ပြန်လည်ထူထောင်ရေး အပါအဝင်) ကျပ်ဘီလီယံ ၃၀ (ဈေးကွက်ပေါက်ဈေးနဲ့ ဒေါ်လာ ၆ သန်း) လောက်ပဲ သုံးနိုင်တယ်။ ဘယ်သူ့ကို ဦးစားပေးမှာလည်း ပြန်လည်သုံးသပ်ရမယ်လို့ မြင်တယ်။ ခုကတော့ နောက်ဆုတ်မယ့်အသွင် မရှိပါဘူး” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကပြောသည်။

စစ်ကောင်စီကမူ ရေဘေးသင့် ဒေသများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲရန် လျာထားသည်ဟု ထုတ်ပြန်ထားပြီး ပြည်တွင်းပြည်ပမှနေ၍ အလှူခံခြင်းများလုပ်ဆောင်နေသလို စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနအလိုက်လည်း အလှူငွေများ ပေးအပ်ရန် ညွှန်ကြားထားသည်။

ထို့အတူ စစ်ကောင်စီက ကောက်ယူသွားမည့် သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမပါဘဲ ပြည်တွင်းအင်အားဖြင့် ဆောင်ရွက် မည်ဖြစ်ပြီး အကောင်အထည်ဖော်ရန် ရက်ပိုင်းမျှသာလိုတော့၍ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှုကို ကမ္ဘာ့အလယ်တွင် ပြသနိုင်တော့မည်ဟု ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

လက်ရှိတွင် ရေဘေးကြောင့် ပြည်သူများအနေဖြင့် ဒုက္ခများစွာ ကြုံနေရချိန်တွင် စစ်ကောင်စီက ထိရောက်သော ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ခြင်းမရှိဘဲ သန်းခေါင်စာရင်း ကောက်ယူရေးသာ ဦးစားပေး လုပ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောသည်။

“၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ပြည်သူ‌တွေ သိန်းနဲ့ချီပြီး သေကြေပျက်စီးရချိန်မှာ သေသူတွေကိုပါ မဲစာရင်းမှာ ထည့်သွင်းစာရင်းလိမ်ပြီး ၂၀၀၈ ခြေ/ဥကို အတည်ပြုခဲ့တယ်။ ဒါက စစ်အုပ်စုဟာ သူတို့ သက်ဆိုးရှည်ရေးအတွက်ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတာ ထင်ရှားတဲ့ သာဓကတွေ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ခေါင်းဆောင်က သန်းခေါင်စာ ရင်း ကောက်ယူခြင်းသည် အလွန်ကျယ်ပြန့် ၍ လုပ်ငန်းပမာဏ ကြီးမားရုံသာမက ငွေ ကြေးကုန်ကျမှု အလွန်များသော လုပ်ငန်းဖြစ်သည်ဟု မကြာခဏ ပြောဆိုသလို ၎င်းတို့အနေဖြင့် အောက်တိုဘာ ၁ ရက်တွင် စတင်ကောက်ယူမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့က ထပ်မံပြောဆိုခဲ့သည်။

အာဏာသိမ်းယူပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသော စစ်ကောင်စီသည် ၎င်းတို့ကြိုးပမ်းနေသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံး ကောက်ယူမည်ဖြစ်ပြီး ယခင်ထက် မေးခွန်းပုံစံများ တိုးမြှင့်၍ ပြည်သူကို ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

“နိုင်ငံရဲ့ သုံးပုံတစ်ပုံ နီးပါးလောက်ကို တော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်ထားတော့ သန်းခေါင်စာရင်း ကောက်ဖို့ရာ ခက်လိမ့်မယ်။ မဖြစ်မနေ ကောက်ယူခဲ့တယ်ဆိုရင်လည်း ၂၀၀၈ တုန်းကလိုပဲ အလိမ်အညာ စာရင်းတွေ ထွက်လာမှာ သေချာတယ်” ဟု DPNS တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူမှုအရ လူဦးရေ ၅၄ သန်းရှိခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင်မူ ခန့်မှန်းလူဦးရေ ၅၆ သန်းကျော် ရှိမည်ဟု နိုင်ငံတစ်ဝန်း ဗုံးကြဲမီးရှို့၊ ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *