သီပေါရှိ စစ်ကောင်စီတပ်ရင်းတစ်ခုကို TNLAသိမ်းပိုက်ဟု ဒေသခံပြော

တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် သီပေါမြို့ရှိ စစ်ကောင်စီ တပ်ရင်း ၃ခုအနက် ခြေမြန်တပ်ရင်း ခမရ(၅၀၃)ကို သိမ်းပိုက်ရရှိထားပြီဟု ကြားသိရကြောင်း သီပေါဒေသခံက ပြောသည်။

သီပေါမြို့အခြေစိုက် ခမရ(၅၀၃) တပ်ရင်းကို TNLA က စက်တင်ဘာ ၂၆ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေသည့် ခမရ(၅၀၄)နှင့် ခလရ(၂၃)တွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း သတင်းရရှိသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သီပေါဒေသခံအား ဆက်သွယ်မေးမြန်းရာ”ဟုတ်တယ်လို့တော့ ပြောတယ်ခင်ဗျ။ အရင်ကတည်းက ၅၀၃/၅၀၄ နဲ့ ၂၃ ရင်းသုံးရင်းပဲရှိတာ။ လူအင်အားအများဆုံးက ၂၃ ထဲမှာပါ။ ၂၃ ကျမှပဲ အဆုံးအဖြတ်ဖြစ်မှာ။ အရင်ကတည်းက ၅၀၃၊ ၅၀၄ ထဲမှာ အင်အားသိပ်မရှိဘူး။ သိမ်းသွားတာက ဖြစ်နိုင်ပါတယ်။” ဟု ပြောပြသည်။

TNLA နှင့် စစ်ကောင်စီအကြား တိုက်ပွဲဆက်ရှိနေဆဲဟုလည်း ဒေသခံက ပြောသည်။

“အသံတွေ ကတော့ ကြားနေရတုန်းပဲပြောတယ်” ဟု သီပေါဒေသခံက ပြောသည်။

ရှမ်းမြောက် စစ်ရေးနှင့် နိုင်ငံရေး သုတေသီ ဦးဇော်ဆန်ကလည်း ” ခမရ-၅၀၃ ကိုတော့နယ်မြေရှင်းနေတယ်ကြားတယ်။ခမရ -၅၀၄ နဲ့ ခလရ-၂၃ တော့ မရသေးဘူး” ဟု ပြောသည်။

စခန်းသိမ်းပိုက်နိုင်မှုနှင့် လက်ရှိ စစ်ရေးအခြေအနေကို မေးမြန်းရန် TNLA သတင်းပြန်ကြားရေးဌာန တာဝန်ခံ လွေးယေဦးထံ ဆက်သွယ်ထားဆဲဖြစ်သည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တစ်ခုတွင်လည်း သီပေါတိုက်ပွဲအခြေအနေကို ယနေ့မနက်တွင်ဖော်ပြထားရာ ခမရ(၅၀၃)နှင့် (၅၀၄) တပ်များ ရန်သူ့လက်ကျရောက်ပြီဟု
ပြော၍ရကြောင်း၊ ခလရ(၂၃)သာ ကျန်တော့ကြောင်း ရေးသားထားသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် မြို့ ၇မြို့ကို သိမ်းပိုက်ထားပြီး ဇွန်လ ၂၅ရက်က စတင်သည့် စစ်ဆင်ရေးဒုတိယပိုင်းတွင် နောင်ချို၊ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

သီပေါ နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီ လက်ကျန်စခန်းအချို့ရှိနေပြီး မြို့နယ်တစ်ခုလုံးအနေအထား သိမ်းပိုက်နိုင်ရေးအတွက် ရက်ရှည်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် နောင်ချိုမြို့နယ် တောင်ခမ်းဒေသရှိ စစ်ကောင်စီအမြောက်တပ်ရင်း ၄ခု အနက် တပ်ရင်း ၂ခုကို TNLAက အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး ကျန်နေသည့် မစခ (၉၀၂) နှင့် အမတ(၃၅၄)ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

(TNLAသည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် တိုက်ပွဲဝင်နေသော TNLA ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *