စစ်ခေါင်းဆောင်က ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ နီးပါးကို ဆုတံဆိပ်များ ပေးအပ်

စစ်ခေါင်းဆောင်က ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ နီးပါးကို ဆုတံဆိပ်များ ပေးအပ်ခြင်းသည် အသေခံ၍ ခိုင်းကောင်းအောင် ပေးခြင်းဖြစ်သည်ဟု CDM ရဲတပ်ဖွဲ့ဝင်များပြော

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တစ်သောင်းနီးပါးကို ဆုတံဆိပ်များ ပေးအပ်ခြင်းသည် အသေခံ၍ ခိုင်းကောင်းအောင် မြှောက်ပင့် ပေးခြင်းသာဖြစ်ကြောင်း CDM ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

နေပြည်တော်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့သော နှစ် (၆၀) ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို စစ်ခေါင်းဆောင်က ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတံဆိပ်များ ပေးအပ်မှုသည် ၎င်းတို့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ခိုင်းကောင်းအောင် အချိုသပ်ခြင်းဖြစ်ပြီး ထိုဆုများအပေါ် အသိအမှတ်ပြုမှုများ ရှိလာမည် မဟုတ်ကြောင်း လုပ်သက် ၂၂ နှစ်ရှိ CDM ရဲတပ်ကြပ် သန်းထွန်းဦးက ပြောသည်။

“မတရား အာဏာသိမ်းတဲ့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်နေတယ် ဆိုကတည်းက သူတို့ကို ထောက်ခံသူတွေကလွဲလို့ အထင်ကြီးလေးစား ဂုဏ်ယူမယ်ဆိုတာ မရှိသလောက်ပါပဲ။ ဘာတွေဘယ်လို ကြိုးစားကြိုးစား မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ယခု ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက် တစ်နှစ်အတွင်း ရဲတပ်ဖွဲ့ဝင် ၉၈၅၁ ဦးကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များအား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းတို့မှာ ရဲသူရ၊ ရဲဗလ၊ ရဲကျော်သူ၊ လူမှုထူးချွန် (ဒုတိယအဆင့်)၊ ရဲမှုထမ်းကောင်း၊ နိုင်ငံတော်ရဲမှုထမ်း၊ မြန်မာနိုင်ငံရဲပူးတွဲ တိုက်ပွဲဝင်၊ ပြည်သူ့ဝန်ထမ်းကောင်း၊ ပြည်သူ့ဝန်ထမ်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး ဆုတံဆိပ်တို့ဖြစ်ကြောင်း သိရသည်။

“ခိုင်းကောင်းအောင်၊ အသေခံ ခိုင်းလို့ကောင်းအောင် မြှောက်ပေးတယ်ပဲ ယူဆရမယ်။ သူက လက်အောက်ခံ အခြားအဖွဲ့အစည်းတွေကိုလဲ ပစ်မထားဘူးဆိုတဲ့ အတွေးရိုက်ထည့်ချင်တာလဲ ဖြစ်မယ်” ဟု CDM ရဲတပ်သား အောင်ကျော်မိုးက ပြောသည်။

စစ်ခေါင်းဆောင်ကမူ သစ္စာ၊ သမာဓိ၊ သတ္တိဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူက အထင်ကြီးလေးစား၍ ဂုဏ်ယူအားကိုးရသော စွမ်းရည်ရှိသည့် ရဲတပ်ဖွဲ့ဖြစ်စေရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းလုပ်ဆောင်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူက လေးစားအားကျသော ရဲတပ်ဖွဲ့ဖြစ်ရန်အတွက် အဓိကအားဖြင့် အုတ်ရောရော ကျောက်ရောရော မဖြစ်စေဘဲ မည်သူ့မျက်နှာကိုမှ မကြည့်ရသည့် ရဲတပ်ဖွဲ့တစ်ခု ဖြစ်ရန်လိုကြောင်း CDM ရဲတပ်ဖွဲ့ဝင်များက ထောက်ပြကြသည်။

“စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့အတွက် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်ရဲ့ အခိုင်းအစေကျွန်သာသာ ဆက်ဆံခံရပြီးတော့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာလဲ ထိုးကျွေးခံရ၊ ပြည်သူ့တံတွေးခွက်မှာ ပက်လက်မျောခဲ့ရတယ်” ဟု CDM ရဲတပ်သား အောင်ကျော်မိုးက ဆိုသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၂၃ နှစ်၊ အောက်တိုဘာ ၁ ရက်ကလည်း ဒုစစ်ခေါင်းဆောင်က တစ်နှစ်အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ ရရှိသူ ရဲတပ်ဖွဲ့ဝင် ၇,၃၈၈ ဦးတို့ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ကို အကြမ်းဖက်မှုများနှင့် ဆန္ဒပြမှုများ ဖြိုခွင်းရာတွင် အသုံးချခဲ့သလို ၎င်းတို့၏ တပ်အင်အား ပြုန်းတီးလျော့နည်းလာမှုတို့ကြောင့် စစ်ဝတ်စုံများ ဝတ်ဆင်စေကာ ရှေ့တန်း တိုက်ပွဲများအထိပါဝင်ရန် စေခဲ့လွှတ်သည်။

စစ်ခေါင်းဆောင်နှင့် ဒုစစ်ခေါင်းဆောင်တို့ကမူ မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများအပေါ် ဂုဏ်ယူလေးစား အသိအမှတ်ပြုသည်ဟု ဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ


Comments

Leave a Reply

Your email address will not be published. Required fields are marked *