မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှု ထပ်ကြုံရနိုင်ကြောင်း မိုးဇလသတိပေး

မြန်မာနိုင်ငံတစ်ဝန်းမှာ နောက်တစ်ကြိမ် ရေကြီးမြေပြိုတာ ထပ်ကြုံတွေ့ရမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရေဘေးကြောင့် ထိခိုက်သေဆုံးမှုတွေ များခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အောက်တိုဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ရေကြီးမြေပြိုပြီး လေပြင်းတိုက်ခတ်မှုတွေ ရှိနိုင်တာကြောင့် သတိထားသွားလာဖို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလက သတိပေးထားတာပါ။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်” ကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် နိုင်ငံတစ်ဝန်း မိုးသက်လေပြင်းတွေ ကျရောက်လာတာလို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာနဲ့ ရေကြီးမြေပြိုတာတွေ ဖြစ်လာနိုင်တာကြောင့် လွတ်ကင်းရာနေရာတွေကို ကြိုတင်ရှောင်ရှားကြဖို့ အသိပေးထားထားပါတယ်။

ညောင်ရွှေမြို့နယ်၊ အင်းလေကန်အတွင်းမှာ ရေဘေးကူညီနေသူတစ်ဦးကတော့ ဒီတစ်ကြိမ်သာ ရေထပ်ကြီးရင် နှစ်ထပ်အိမ်တွေလည်း တောင့်ခံနိုင်တော့မှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“စက်တင်ဘာလထဲမှာ တစ်ထပ်အိမ်တွေမြုပ်တဲ့အထိ ခံခဲ့ရတဲ့ ရေဘေးဒုက္ခသည်တွေကိုတောင် အိမ်ပြန်မပို့ရသေးဘူး။ အခု အောက်တိုဘာလထဲမှာပါ အရင်လို ရေထပ်ကြီးမယ်၊​ မြေပြိုမယ်ဆိုရင် ကျွန်တော်တို့ နှစ်ထပ်အိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေတောင် ခံနိုင်ပါ့မလား။ အခုတောင် စားဝတ်နေရေးခက်လို့ အလှူရှင်တွေကို အားကိုးနေရတာ။ မြေပြိုလို့ အလှူရှင်တွေမလာနိုင်ရင် ကျွန်တော်တို့ အင်းကန်ထဲကသူတွေ အကုန်ဒုက္ခရောက်ကုန်တော့မှာ”

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရေဘေးကူညီကယ်ဆယ်ရေးကို လုပ်ကိုင်နေသူတွေကတော့ ပထမတစ်ကြိမ်ရေဘေးမှာ မိသားစုဝင်တွေနဲ့ အိမ်တွေဆုံးရှုံးခဲ့ရသူတွေကို လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေး မလုပ်ပေးနိုင်သေးဘူးလို့ ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေဘေးအလှူငွေလက်ခံတဲ့ အခမ်းအနားမှာ ငွေကျပ် ၃၂ ဘီလီယံကျော် ရရှိထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သုံးစွဲသွားမယ်လို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ စက်တင်ဘာ ၂၁ ရက်စာရင်းအရ မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအပါအဝင် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း(အရှေ့)နဲ့ တောင်ပိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေက ၆၅ မြို့နယ်က လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ်ခံနေရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့အဝင်တွင် မြေပြိုမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *