သန်းခေါင်စာရင်းကောက်သူတွေကို တစ်ရက် ၄၈၀၀ ပေးမယ်ဆိုပြီး မပေးလို့ ကိုယ့်စရိတ်ကိုယ်စားလုပ်နေရ

ရန်ကုန်မှာ သန်းခေါင်စာရင်းကောက်သူတွေကို တစ်ရက် ၄၈၀၀ ပေးမယ်ဆိုပြီး မပေးလို့ ကိုယ့်စရိတ်ကိုယ်စားလုပ်နေရလို့ဆို

ရန်ကုန်တိုင်းအတွင်း အခုအောက်တိုဘာလ ၁ ရက်နေ့က စတင်နေတဲ့ သန်းခေါင်စာရင်းကောက်ယူရေးမှာ ပါဝင်ကောက်ခံပေးနေသူတွေဟာ ကိုယ့်စရိတ်ကိုယ်စားပြီး လုပ်ပေးနေရတယ်လို့ စာရင်းကောက်ရာမှာပါဝင်သူတွေဆီကနေ သိရပါတယ်။

တစ်နေ့ကို ရပ်ကွက်တစ်ခုအပြီးကောက်ယူဖို့ ညွှန်ကြားထားသလို စာရင်းကောက်ယူသူတွေအတွက် အသုံးစရိတ်အဖြစ် တစ်ရက် ၄၈၀၀ ကျပ်ပေးမယ်ဆိုပြီး ပြောထားတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုသူ ကောက်ယူရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“အခုတော့ကိုယ့်စရိတ်ကိုယ်စားပဲ။ ပြီးမှလည်း ရမလား၊ မရမလားမသိပါဘူး။ လုံခြုံရေးအကြောင်းပြပြီး အစကငြင်းသေးတယ်။ ဘာမှမစိုးရိမ်နဲ့ အကုန်လုံခြုံရေးယူပေးမှာဆိုပြီး‌ပြောလို့ လိုက်လုပ်ပေးရတာ” လို့ ၎င်းက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူရမှာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက)၊ မြို့နယ်ထွေ/အုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်၊ နေ့စားစာရင်းကောက်ပေးသူတွေနဲ့ လူဦးရေစာရင်း ကောက်ယူ‌မှု ကြီးကြပ်ရေးကော်မတီဝင်တွေ ပါဝင်နေသလို စစ်ကောင်စီအဖွဲ့ဝင်တချို့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တချို့ပါဝင်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကတော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဆိုတော့ ရမှာတော့မဟုတ်ဘူး။ နေ့စားနဲ့ စာရင်းကောက်ပေးတဲ့သူတွေလည်းရှိတော့ရှိတယ်။ ချက်ချင်းတော့ ဘယ်ပေးဦးမလဲ။ ပြီးသွားမှရှင်းပေးမှာနဲ့တူတယ်။ အကုန်တောက်လျှောက်လိုက်နေရတာ ကျွန်တော်တို့လည်း ကိုယ့်ရပ်ကွက်ကောက်မှရယ်မဟုတ်ဘူး” လို့ လှိုင်သာယာမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ စစ်ကောင်စီက ရပ်ကွက်အလိုက် လုံခြုံရေးတွေတင်းကျပ်ပြီး သန်းခေါင်စာရင်းစကောက်နေတာ ဒီကနေ့ဆိုရင် လေးရက်မြောက်ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ စာရင်းလာမကောက်သေးတဲ့ မြို့နယ်တွေမှာလည်း စာရင်းလာကောက်တဲ့အခါ ကောင်းကောင်းမွန်ဖြေပေးဖို့နဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အိမ်တစ်အိမ်မှာ လူတစ်ယောက်အမြဲရှိနေပေးရမယ်လို့ စစ်ကောင်စီလက်အောက်ခံတွေက လိုက်လံကြေညာနေပါတယ်။

စစ်ကောင်စီဟာ လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြည်လုံးကျွတ်သန်းစာရင်းကောက်ယူဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက အပြင်းအထန်ကြိုးပမ်းနေခဲ့တာပါ။

ပြီးခဲ့တဲ့စက်တင်ဘာ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ရေဘေးဒဏ်အဆိုးရွားဆုံးခံနေရသူတွေကိုပင် စစ်ခေါင်းဆောင်တွေက သွားရောက်တွေ့ဆုံချိန် သန်းခေါင်စာရင်းအမီ နေရပ်ပြန်ကြဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။

🖋ကိုထက်


Comments

Leave a Reply

Your email address will not be published. Required fields are marked *