မန္တလေးမြို့တွင် ပြီးခဲ့သည့်စက်တင်ဘာအတွင်း စစ်မှုထမ်းရန်အတွက် လူငယ် ၅၀ကျော် ဖမ်းဆီးခံရကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်သည့် Voice Of Mandalay က ပြောသည်။
စက်တင်ဘာအတွင်း မန္တလေးမြို့နယ်အသီးသီးရှိ လူငယ်အမျိုးသားများအား ဧည့်စာရင်းစစ်ဆေးခြင်း၊ လမ်း၌ စစ်ဆေးခြင်း၊ စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်း အစရှိသည့်အကြောင်းပြချက်အသီးသီးဖြင့် စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးမြို့ခံများက ပြောသည်။
မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်သည့် Voice Of Mandalay အဖွဲ့၏ ထုတ်ပြန်သည့်စာရင်းများအရ မန္တလေးမြို့ ၆ မြို့နယ်၊ စဥ့်ကိုင်နှင့် ပလိပ်မြို့နယ်များမှ စက်တင်ဘာအတွင်း ဖမ်းဆီးခံရသူလူငယ် စုစုပေါင်း ၅၅ ဦးရှိသည်ဟု ဆိုသည်။
“နယ်ကလာအလုပ်လုပ်တဲ့ ဆောက်လုပ်ရေးဆိုက်ထဲက အလုပ်သမားတွေကိုပါ ဖမ်းတာ။ ဧည့်စာရင်းလည်း တိုင်ထားတာကို စစ်မှုထမ်းဆိုပြီး လာခေါ်သွားတာ။”ဟု ချမ်းမြသာစည်မြို့နယ်နေထိုင်သူတစ်ဦးက ပြောသည်။
သို့သော် မြေပြင်တွင် အဆိုပါအရေအတွက်ထက် ပိုများနိုင်ကြောင်း မြို့ခံအချို့က ပြောသည်။
ထို့အပြင် တံတားဦးမြို့နယ်မှ လူငယ်အများအပြားလည်း စစ်မှုထမ်းရန် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း တံတားဦးမြို့နယ်မှ လူငယ်တစ်ရာကျော် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သေးသည်။
မန္တလေးအပြင် စစ်ကိုင်းတိုင်းမြို့နယ်အချို့တွင်လည်း စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများ ရှိနေသည်။
လက်ရှိတွင် စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ်(၅)အား စတင်နေပြီး မကြာမီ အပတ်စဥ် (၆) သင်တန်းအတွက် လူစုနေခြင်းဖြစ်သည်။
လွန်ခဲ့သော ၁၄ နှစ်က စစ်အစိုးရ ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက် ၁၈နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်။
နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် သေဆုံးဒဏ်ရာရသူ ၊ ထွက်ပြေးသူ ၊လက်နက်ချသူ ၊တော်လှန်ရေးအဖွဲ့များထံအလင်းဝင်သူစသဖြင့် စစ်ကောင်စီ တပ်အင်အား နည်းလာသော်လည်း စစ်တပ်ထဲ ဝင်လိုသူ နည်းလာသောကြောင့် စစ်ကောင်စီက ၎င်းတို့အသက်ဆက်နိုင်ရေး စစ်မှု မထမ်းမနေရ ဥပဒေဖြင့် လူငယ်များကို စစ်တပ်အတွင်းဝင်ရန် ကြံစည်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး ၊စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
(စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများအား တွေ့ရစဥ်။ ဓာတ်ပုံ – စကစ)
Leave a Reply