ကျောင်းဆရာများ နိုင်ငံကာကွယ်ရေးတွင် တာဝန်ရှိကြောင်း စစ်ကောင်စီသတင်းစာဖော်ပြ

ကျောင်းဆရာများအနေဖြင့် နိုင်ငံကာကွယ်ရေးတွင်လည်း တာဝန်ရှိကြောင်း အောက်တိုဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့ထုတ် စစ်ကောင်စီ၏ ကြေးမုံ သတင်းစာတွင် ဖော်ပြခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်ဟောင်း ဒေါက်တာမောင်သင်း၏ ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုဆောင်းပါးတွင် ထိုသို့ရေးသားထားခြင်း ဖြစ်သည်။

အဆိုပါ ဆောင်းပါးတွင် ကျောင်းဆရာများကို ပညာရေးခံကတုတ်မှ ကာကွယ်ပေးနေသူများဟု ထည့်သွင်းသုံးနှုန်းထားပြီး နိုင်ငံကာကွယ်ရေးအစ စာသင်ခန်းကဖြစ်ကြောင်း တိုက်တွန်းရေးသားထားသည်။

ကျောင်းဆရာများအနေဖြင့် စာသင်ခန်းထဲတွင် လူမမည်မျိုးဆက်များကို အဖျက်မျိုးစေ့များ ထိုးဖောက်ဝင်ရောက်မည့်ဘေးမှ ပညာစွမ်းအားဖြင့် ကာကွယ်နိုင်ပြီး တန်ဖိုးပြည့် နိုင်ငံသားမျိုးစေ့ကောင်းများကိုဖြည့်ဆည်းပေးရန် တာဝန်ရှိကြောင်း ဒေါက်တာမောင်သင်းက ဆိုသည်။

လက်နက်ကိုင် ဖျက်ဆီးနေသူများသာလျှင် အဖျက်သမားစစ်စစ်မဟုတ်ဘဲ လက်နက်ကိုင်ဆောင်သည့် အဆင့်ရောက်အောင် စေ့ဆော်ပေးနေသော အန္တရာယ်မျိုးစေ့များကလည်း အဖျက်သမား စစ်စစ်များဖြစ်ကြောင်း၊ အသိဉာဏ်ပညာဆင်းရဲမွဲတေခြင်း၊ အမျိုးသားရေးစံများပျက်သုဉ်းခြင်း အပါအဝင် အချက်ခုနစ်ကို အဖျက်မျိုးစေ့များဟု ၎င်းက ရေးသားထားသည်။

ထို့ပြင် အမျိုးချစ်၊ အမျိုးမြင့် ၊ အမျိုးဂုဏ်တက်စေသည့် စိတ်ထားများပိုင်ဆိုင်သည့် လူငယ်များကို အုံနှင့်ကျင်းနှင့် မွေးထုတ်ပေးရန်မှာ ကျောင်းဆရာများ၏ တာဝန်ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။

ယင်းဆောင်းပါးနှင့် ပတ်သက်ပြီး CDM ကျောင်းဆရာ ကိုနောင်ချိုက နိုင်ငံကာကွယ်ရေးအတွက် ကျောင်းဆရာသာမက အရေးကြုံလာပါက ပြည်သူအားလုံးတွင် တာဝန်ရှိသော်လည်း လက်ရှိတွင် အဆိုပါ ဆောင်းပါးသည် ယခင် ၁၉၈၈ ခုနှစ်တုန်းကကဲ့သို့ ကျောင်းဆရာ၊ ဆရာမများကို စာသင်ကျောင်းများတွင် စစ်‌ေကာင်တပ်၏ ဝါဒဖြန့်ချီရေးအတွက် အသုံးချရန်ဖြစ်ပြီး ယင်းမှာ ပုံမှန်တိုင်းပြည်ကို ကာကွယ်ပေးရန် အခြေအနေမဟုတ်ဘဲ စစ်အာဏာရှင်နှင့် စစ်အုပ်စုကို ကာကွယ်ပေးရန် တာဝန်ရှိသည်ဟု ပြောဆိုသည့် အဓိပ္ပာယ်သာဖြစ်ကြောင်း ပြောသည်။

“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပညာရေးရပ်ဝန်းပေါ့။ စာသင်ကျောင်းပရဝုဏ်ကို စစ်မှုထမ်းတွေများလာဖို့အတွက် စစ်တပ်ကို ကာကွယ်ပေးဖို့အတွက် လုပ်ပေးမယ့်လူတွေများလာဖို့အတွက် ဝါဒဖြန့်ချီရေးကို စာသင်ကျောင်းတွေမှာ ပေါ်တင် ဝင်ရောက်ဆောင်ရွက်ဖို့အတွက် သူတို့စပြီး ခြေလှမ်းလှမ်းလာတယ်လို့တော့ ကျွန်တော်ကတော့မြင်တယ်။ ဒါကို ကျွန်တော်တို့ ပြည်သူလူထုနဲ့အတူ ကျောင်းဆရာ၊ ဆရာမတွေအကုန်လုံးက ဆန့်ကျင်ဖို့လိုတယ်။ လက်မခံဖို့လိုတယ်လို့တော့ ကျွန်တော်ကတော့ မြင်ပါတယ်ဗျ” ဟု ကိုနောင်ချိုက ဆိုသည်။

လက်ရှိ ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သည့် ဒေါက်တာမောင်သင်းသည် တက္ကသိုလ် ပါမောက္ခချုပ်ဟောင်းတဦးဖြစ်ပြီး ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက် တွင်လည်း ကြံ့ခိုင်ရေးပါတီ၏ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း “ကျောင်းဆရာ၊ တပ်မတော်နှင့် နိုင်ငံကာကွယ်ရေးတာဝန်”ဟူသည့်‌ခေါင်းစဉ်ဖြင့် ရေးသားခဲ့ဖူးပြီး အဆိုပါ ဆောင်းပါးတွင်လည်း ကျောင်းဆရာများအနေဖြင့် ပြည်ပကျူးကျော်မှုကို အသက်ပေးကာကွယ်သွားမည့် စိတ်ထားပိုင်ရှင် နိုင်ငံသား အရန်အင်အားများကို အဆင်သင့်ဖြစ်နေအောင် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းများက အဖျက်မှိုင်းမိသူများမရှိအောင် လေ့ကျင့်ပေးမှ တပ်မတော်သားများ၏ အသက်ဖြင့် ပေးဆပ်မှုများ နည်းပါးသွားမည်ဖြစ်ကြောင်း ရေးသားခဲ့ဖူးသည်။

ပုံအညွှန်း – ​ကျောင်းစာသင်ခန်းတခုအား ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်းက​တွေ့ရစဥ် (ဓါတ်ပုံ – MOI)


Comments

Leave a Reply

Your email address will not be published. Required fields are marked *