မူဆယ်မြို့အထွက်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အကြား တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အထွက်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့တို့အကြား ယမန်နေ့ ညနေပိုင်းတိုက်ပွဲဖြစ်ပွားကြောင်း ဒေသပြည်သူများနှင့် တပ်သတင်းရင်းမြစ်တချို့ကပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် မူဆယ်မြို့အထွက် နမ့်ခုတ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရှိသည့်နေရာကို ထိုးစစ်ဆင်လာသည့်သဘောဖြစ်ကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

“မနေ့ ညနေ ၅ နာရီခွဲလောက်ကနေ ၆ နာရီအထိ မူဆယ်မြို့အထွက် နမ့်ခုတ်ရွာနားမှာ ချကြတာ။ သေနတ်သံတွေကတော့ အကြီးအသေး ညံနေတာပဲ။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ နဲ့ စကစတပ် ပစ်ကြတာ။ ကြားတာကတော့ စစ်ကောင်စီတပ်တွေက သွားတိုက်တာလို့ သိရတယ်” ဟု ဒေသပြည်သူကဆိုသည်။

တပ်သတင်းရင်းမြစ်တချို့ကလည်း ယမန်နေ့ ညနေပိုင်း မူဆယ်မြို့အထွက်တွင် MNDAA တပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ရှိနေသည့် AA တပ်များထံသို့ MNDAA တပ်များ သွားရောက် ပေါင်းစည်းခြင်းမပြုလုပ်နိုင်ရန် စစ်ကောင်စီတပ်က ကြားဖြတ် ဖြတ်တောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top