ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်နေပြီး AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာ လက်ရှိမှာ ဂွမြို့နဲ့ ၁၀ မိုင်ခန့်အကွာကို ရောက်ရှိနေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ ဂွမြို့အနီး ကုလားပြင်(ရတနာမြိုင်)ရွာသစ်၊ ရွာဟောင်းက ခံတပ်တွေ ကျိုးပေါက်သွားပြီး စစ်ကောင်စီတပ်သားတွေကလည်း ကစဉ့်ကလျား ထွက်ပြေးနေကြတယ်လို့ ဒေသခံက ပြောပါတယ်။
“ကြွေချိုင်၊ ချောင်းသာတို့နားအထိ တိုက်ပွဲဖြစ်လာတယ်။ တိုက်ပွဲပြင်းထန်တာကြောင့် မနေ့က လောင်းကျိုးဒေသခံတွေဟာ ဂွမြို့ဘက်ကို စစ်ဘေးရှောင်လာကြတယ်။ လောင်းကျိုးကျေးရွာနဲ့ ဂွမြို့ဟာဆိုရင် ၇ မိုင်သာသာလောက်ပဲ ကွာဝေးတယ်။ ဒါကြောင့်မို့ AA ရဲ့ ထိုးစစ်တွေဟာ ဂွမြို့အနီး ၁၀ မိုင်ပတ်ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်တယ်။”
အောက်တိုဘာ ၁၂ ရက်ကလည်း ရခိုင်ပြည်နယ်၊ ဂွမြို့ရဲ့ မြောက်ဘက် ၃၀ မိုင်ခန့်အကွာ ကုလားပြင်ကျေးရွာအနီး ဒယ်ဘုတ်၊ သပြုချောင်းအနီးမှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ ပါတယ်။
တိုက်ပွဲပြင်းထန်နေတာကြောင့် ကျေးရွာအနီးတဝိုက် ဒေသခံတွေဟာ ဘေးလွတ်ရာ အရေးပေါ် ပြောင်းရွှေ့နေရပြီး ထွက်ပြေးမလွတ်မြောက်သေးတဲ့ ဒေသခံတချို့လည်း ကျန်နေသေးတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၆ ရက်မှာလည်း ကုလားပြင်တံတားပေါ်က ကိုင်းခိုင်နဲ့ ကံကော်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိခဲ့ပါတယ်။
စခန်းသိမ်းပိုက်ခံရပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၇ ရက်မှာ ဂွ-ကျိန္တလီကြားက ကုလားပြင်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေဟာ ကုလားပြင်ကျေးရွာမှ ၅ မိုင်ခန့်အကွာ ကြွေချိုင်ကျေးရွာမှာ တပ်ဆုတ် အထိုင်ချ နေထိုင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီကလည်း ဂွမြို့ မကျစေဖို့ ငါးသိုင်းချောင်း-ဂွ ရိုးမဖြတ်ကျော်လမ်းကို အသုံးပြုကာ စစ်သားအင်အား၊ လက်နက်အင်အား ဆက်တိုက် ဖြည့်တင်းနေပါတယ်။
ဩဂုတ်လကတည်းက စတင်ကာ ကျိန္တလီမြို့အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ AA တို့ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ လက်ရှိမှာ AA က ပလက်ဝနဲ့ ရခိုင်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီး မောင်တော၊ အမ်းနဲ့ ရခိုင်ပြည်တောင်ပိုင်း ဂွမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။
Leave a Reply