ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ စစ်မှုထမ်းရန်အလှည့်ကျသည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင် ပြီးရောင်းစားခံရသည့်အမျိုးသားတဦး ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း မိသားစုနှင့်နီး စပ်သူများက ပြောသည်။
ကျုံပျော်မြို့နယ်၊ အင်းရဲကျေးရွာအုပ်စု၊ သုံးပင်ဆိုင်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ကိုစိန်အောင်မင်း ဆိုသူ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖြစ်စဥ်မှာ စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၄)အတွက် အင်းရဲကျေးရွာအုပ်စုတွင် မဲနှိုက်ရာမှ မဲပေါက် ထားသူကိုအောင်မင်းစိန်အား စစ်မှုထမ်းရန်အလှည့်ကျသည်ဟုဆိုကာ အင်းရဲကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးအောင်မြင့်စိုးနှင့် သုံးပင်ဆိုင်ကျေးရွာ ရာအိမ်မှူး ဦးသက်အောင်မြင့်တို့က ဇူလိုင်လ ၁၉ ရက်နေ့တွင် လာရောက်ခေါ်ဆောင်သွားခဲ့သည်။
ထို့သို့ခေါ်ဆောင်သွားပြီးနောက် အင်းရဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် သုံးပင်ဆိုင် ကျေးရွာ ရာအိမ်မှူးဦးသက်အောင်မြင့်တို့က ကိုစိန်အောင်မင်းကို ရေကြည်မြို့နယ်၊ ကွင်းချောင်းကျေးရွာ အုပ်စုမှ စစ်ကောင်စီလက်အောက်ခံများထံ ငွေကျပ် သိန်း ၈၀ ဖြင့်ရောင်းစားခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။
“သူက စစ်မှုထမ်းဖို့မဲပေါက်ထားတာ ဟုတ်တယ်။ ဒါပေမဲ့ သူ့အလှည့်မရောက်သေးခင်မှာ ရေကြည်မှာ မဲ ပေါက်ထားတဲ့သူအတွက် လူစားထိုးဖို့ တမင်ကိုလိမ်ခေါ်ပြီး ရောင်းစားခံရတာပါ။ သိန်း ၈၀ ကလည်း မိသားစုဝင်တွေ တပြားမှမရပါဘူး။ ဒါတွေအားလုံးက ကိုစိန်အောင်မင်းမသေခင် သူကိုယ်တိုင်ပြောခဲ့တာ တွေပါ”ဟု ဆိုသည်။
ကိုစိန်အောင်မင်းကို ရေကြည်မြို့နယ်မှတဆင့် ဟင်္သာတမြို့နယ်အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် သို့ပို့ဆောင်ကာ စစ်သင်တန်းပေးပြီးနောက် ရှေ့တန်းထွက်ရန်စေလွှတ်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
ရှေ့တန်းသို့စေလွှတ်ခံရပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မှတိုက်ပွဲအတွင်း ကိုစိန်အောင်မင်းသေဆုံးပြီဖြစ်ကြောင်း စစ်ကောင်စီတပ်က မိသားစုထံ အကြောင်းကြားလာခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
ထို့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့၏ လုပ်ဆောင်မှုများကို ကျုံပျော်မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင်များက သိရှိသော်လည်း လက်ရှိအချိန်အထိ အရေးယူခြင်းတစုံတရာမရှိကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတဦးကပြောသည်။
“စစ်မှုထမ်းဥပဒေကြေညာပြီးကတည်းက အုပ်ချုပ်ရေးမှူးတွေစားပေါက်တွေ့နေတာ။ အခုဖြစ်စဥ်က လည်းဒီလိုပါပဲ ရေကြည် ကွင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ကျုံပျော် အင်းရဲအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ ပေါင်းစားသွားတာပါ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကိုစိန်အောင်မင်းကဲ့သို့ စစ်မှုထမ်းရန် ရောင်းစားခံရမည်ကို စိုးရိမ်နေကြကြောင်း၊ ကုန်စျေး နှုန်းမြင့်တက်နေပြီး ငွေကြေးအဆင်မပြေမှုများ ဖြစ်ပေါ်နေသည့်အပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာသည့်အတွက် များစွာ စိတ်သောကရောက်နေကြကြောင်း ဒေသခံများကပြောသည်။
မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီး အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီကထုတ်ပြန်ခဲ့ပြီးနောက် အသက် ၁၈ မှ ၃၅ နှစ် ကြား အမျိုးသားများကို စစ်မှုထမ်းရန်မဲနှိုက်ခိုင်းခြင်းများ၊ ပေါ်တာဆွဲခြင်းများပြုလုပ်ကာ စစ်သင်တန်းပေးနေ သည်မှာ အပတ်စဥ်(၆) အထိ ရောက်ရှိနေပြီဖြစ်သည်။
စစ်ကောင်စီသည် စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းခံရသူများအား နိုင်ငံအနှံ့ဖြစ်ပွားနေသော တိုက်ပွဲ များသို့စေလွှတ်ခဲ့ပြီး ရခိုင်ပြည်နယ်တိုက်ပွဲအတွင်းသို့ စေလွှတ်ခံရသူများ သေဆုံးမှုရှိနေကြောင်းနှင့် အရေအတွက်ကိုမူ အတိအကျမသိရကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောပြချက်အရ သိရသည်။
ပုံအညွှန်း – ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း သေဆုံးခဲ့သည့်ကိုစိန်အောင်မင်း
Leave a Reply