ဘုတလင်မှာ စစ်အုပ်စုက ဒေသခံ ခြောက်ဦးကို ခေါင်းဖြတ် သတ်၊ အိမ်ခြေ ၃၀၀ မီးရှို့ဖျက်ဆီး

ဘုတလင်မှာ စစ်အုပ်စုက ၁၀ ရွာခန့် မီးရှို့၊ လူ ၂၀ ကျော် သတ်ဖြတ်ကာ ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာကျေးရွာကို အောက်တိုဘာလ ၁၇ရက်မှာ စီးနင်းတဲ့ စစ်အုပ်စုက မပြေးနိုင်တဲ့ အဖိုးအိုနဲ့ စိတ်မနှံ့သူတွေ အပါအဝင် ဒေသခံ ခြောက်ဦးကို သတ်ဖြတ်ကာ တချို့ကို ခေါင်းဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက အောက်တိုဘာလ ၁၇ရက် မနက်ပိုင်းက စလို့ တနေကုန်၊ တညလုံး မီးရှို့လို့ စီပါ ကျေးရွာအတွင်း နေအိမ် ၃၀၀ ခန့် ပြာကျပျက်စီးတယ်လို့ ဆိုပါတယ်။

“အသတ်ခံရတာက အမျိုးသား ခြောက်ဦးဗျ။ စိတ်မနှံ့တာက တယောက်ပါတယ်။ သုံးယောက်က ခြေဖြတ် လက်ဖြတ် အူနှုတ် ခေါင်းဖြတ်ပြီး ဝန်းထရံတွေမှာ ချိတ်ဆွဲပြီး ကျန်တဲ့ သုံးယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ နေအိမ် ၃၀၀ နီးပါးကိုလည်း မီးရှို့ထားခဲ့တယ်” လို့ ဘုတလင်မြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ – ပအဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ ဘုတလင်နယ် တက်လှိုင်းရွာကတဆင့် စီပါရွာကို စစ်အုပ်စုက စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့ပြီးနောက် အောက်တိုဘာလ ၁၈ ရက် မနက်ပိုင်းမှာ စီးပါရွာကနေ ဆယ်ဝရွာဘက် ထွက်သွားလို့ ဒေသခံတချို့ ရွာအတွင်း ဝင်ရောက်ကြည့်ရှု့စဉ် ခေါင်းဖြတ်ခံထားရတဲ့ အလောင်းတွေနဲ့ မီးလောင်ပြာကျနေတဲ့ အိမ်ခြေ ၃၀၀ ခန့်ကို တွေ့ရှိရတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အလောင်းတွေက ဘယ်သူဆိုတာ အတည်ပြုလို့ မရသေးဘူးဗျ။ မျက်နှာတွေက ပျက်စီးနေတာ ဖြစ်တဲ့ အတွက်လေ။ ၁၇ ရက် ကတည်းက သတ်ဖြတ်ခံထားရတာ ဖြစ်တဲ့အတွက် မျက်နှာတွေက လုံးဝကို ဖတ်လို့ မရသေးဘူး။ ပြည်သူတွေ (အားလုံး) ပြန်ဝင်မှသာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို အတည်ပြုနိုင်မှာဗျ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စု သတ်ဖြတ်သွားတဲ့ အလောင်းတွေထဲ နှစ်ဦးကတော့ အသက် ၅၀ ခန့်အရွယ်တွေ ဖြစ်ကြပြီး စိတ်ကျန်းမားရေး ချို့တဲ့သူ၊ ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ကပ္ပိယနဲ့ အသက် ၈၀ ခန့်အရွယ် အဘိုးအိုတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ဟာ လက်ရှိအချိန်ထိ ဘုတလင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊လုယက်၊ မီးရှို့ နေဆဲ ဖြစ်ပြီး စစ်အုပ်စု ရန်ကြောင့် ဘုတလင်မြို့ပေါ်မှာ နေထိုင်သူတွေ အပါအဝင် ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။

စစ်အုပ်စုဟာ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်မှာ ဘုတလင်မြို့နယ် ညောင်ကန်ရွာကို လေကြောင်းဗုံးကြဲ သလို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ ဘုတလင်မြို့နယ်တွင်းက ကျေးရွာတွေကို ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ၁၈လုံးခန့် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၄ရက်ကစလို့ ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုဟာ လက်ရှိမှာ ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည်သူ ၂၀ ထက်မနည်းကို သတ်ဖြတ်ထားပြီး ဖြစ်သလို ကျေးရွာ ငါးရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးပြီး ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာလ ၁၂ ရက်မှာ ဘုတလင်မြို့ပေါ်က ပြည်သူ ခြောက်ဦး၊ အောက်တိုဘာလ ၁၃ ရက်မှာ မြောက်ကျီရွာက ပြည်သူ ခုနစ်ဦး၊ အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာ စီပါရွာက ပြည်သူငါးဦး၊ တက်လှိုင်းရွာက ပြည်သူတစ်ဦးနဲ့ အောက်တိုဘာလ ၁၉ ရက်မှာ ဆယ်ဝရွာက ပြည်သူတစ်ဦး စုစုပေါင်း ပြည်သူ ၂၀ ဦးထိ သတ်ဖြတ်ထားပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီစစ်ကြောင်းက ဘယ်လိုပါ၊ ဘယ်လိုပါ၊ အတိအကျပြောနိုင်ဖို့က အရမ်းခဲယဉ်းတယ်ဗျ။ ပြည်သူတွေအားလုံးက ပြေးရှောင်နေကြရတာ၊ ဘယ်သူတွေ အသတ်ခံလိုက်ရတယ်။ ဘယ်သူတော့ကျန်ခဲ့တယ်။ ကျနော်တို့ အတိအကျ မရနိုင်ဘူးဗျ။ ကိုယ့်ဌာနေကို ကိုယ်ပြန်ကြမှ ဘယ်သူကတော့ မရှိတော့ဘူး။ ဖမ်းဆီးခံထဲပါသွားတာလား။ ဒါမှမဟုတ် သတ်ဖြတ်ခံရတာလား။ အဲရောက်တော့မှ ကျနော်တို့ စိစစ်လို့ရတော့မှာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စု မီးရှို့လို့ တက်လှိုင်း၊ စီပါ၊ ဆယ်ဝ၊ ဆင်သေချာင်း၊ စိုင်ပြင်လေး စတဲ့ ရွာတွေက နေအိမ်တွေလည်း မီးလောင်ပြာကျ ပျက်စီးပြီး ဒေသခံတွေ ထွက်ပြေးနေရလို့ မီးလောင်ပျက်စီးတဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

မနေ့က ဆယ်ဝအုပ်စုထဲက ဆယ်ဝရွာသစ်၊ ဆယ်ဝရွာဟောင်းနဲ့ အိုင်ပေါင်းချောင် ရွာက အိမ်ခြေ ၆၀ ခန့်ကို မီးရှို့ပြီး ဒီကနေ့ မနက်မှာတော့ စိုင်ပြင်လေးရွာနဲ့ ညောင်ကန်ရွာဘက်ကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက်ပိုင်း ညောင်ကန်ရွာကို စစ်အုပ်စု စီးနင်းအကြမ်းဖက်နေချိန် ညောင်ကန်ရွာ အနီးကို လေကြောင်း တိုက်ခိုက်မှု ပြုခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“ညောင်ကန်ကို နေ့လယ် ၂ နာရီ ၁၅ ဝန်းကျင်က နမခ တက်တဲ့ Mi 35 နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ Rocket နဲ့ သုံးကြိမ် ပစ်ခတ်ခဲ့တယ်။ စက်သေနတ်နဲ့ ခုနှစ်ကြိမ်မက တိုက်ခိုက်ခဲ့တယ်။ အဲဒါပြီးတော့ နမနက ဟောင်ဝှစ်ဇာနဲ့လည်း ဘုတလင်ဘက်ကို ပစ်ခတ်နေသလို ဘုတလင်မြို့တွင်း အထိုင်ချထားတဲ့ ခွေးတွေကလည်း ဘုတလင် ဘောလုံးကွင်းနောက်ကို (၁၂၀ မမ) တွေနဲ့ ထုနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက်က ဘုတလင်မြို့ပေါ်ကနေ စတင်ထွက်ခွါတဲ့ စစ်အုပ်စု စစ်ကြောင်းက ဝင်သမျှရွာတွေကို မီးရှို့ထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက စစ်ကြောင်းတလျှောက်မှာ ပြည်သူ ၅၀ ခန့်ကို ဓားစားခံ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်သွားပြီး ခဲယမ်းပစ္စည်းတွေကို သယ်ဆောင်ခိုင်းနေသလို တချို့အမျိုးသားတွေဆိုရင် စစ်အုပ်စုက သူတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း ဝတ်ခိုင်းထားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရွာစဉ်လှည့် စစ်ကြောင်းထိုးနေလို့ ပြည်သူတွေလည်း စစ်ကြောင်း မရောက်ခင်ကတည်းက ကြိုတင် ရှောင်နေကြရပြီး အခုဆိုရင် တိမ်းရှောင်ရတဲ့ ရွာတွေ များလာတယ်လို့ ဆိုပါတယ်။

အခုဆိုရင် စစ်အုပ်စုက ဘုတလင်မြို့ရဲ့ အနောက်မြောက်ဘက်ကို ရောက်နေပြီး ညောင်ကန်၊ မောင်းထောင်၊ စိုင်ပြင်လေး၊ ကျောင်းရွာ၊ ထဒန်း၊ လွှဲတဲ၊ ရှမ်းတဲ၊ မြော်တော၊ တက်လှိုင်း၊ ပဲပြစ်တော(အရှေ့ရွာ၊ အနောက်ရွာ)၊ ဆယ်ဝ၊ ဆယ်ဝရွာသစ်၊ ရွာရှည်နဲ့ စီပါ အစရှိတဲ့ ရွာတွေအပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ပြည်သူတွေဟာ စစ်အုပ်စုရန်ကနေ လွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်က ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အင်အား ၈၀ ခန့်ပါ စစ်အုပ်စုကို တော်လှန်ရေး အဖွဲ့တွေက စစ်ကြောင်းလိုက် ပြုတ်သည်အထိ တိုက်ခိုက် သုတ်သင်ခဲ့ရာ အရှက်တကွဲ စစ်ရှုံးတဲ့ စစ်အုပ်စုက အခဲမကြေဖြစ်ပြီး ဘုတလင်မြို့နယ်ထဲ တကျော့ပြန် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ အကြမ်းဖက်နေတာလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးနေတာ မှန်ပေမယ့် လူသတ်၊ လုယက်၊ မီးရှို့တယ်ဆိုတာ မဟုတ်မှန်ဘဲ တိုက်ပွဲဖြစ်လို့ နေအိမ်တွေ မီးလောင်တာလို့ စစ်အုပ်စုကတော့ အောက်တိုဘာလ ၁၇ ရက်မှာ လိမ်ညာ သတင်း ဖြန့်ပါတယ်။

ဘုတလင်မြို့ရဲ့ မြောက်ဘက် စီပါကျေးရွာအတွင်း အဖိုးအို၊ ကပ္ပိယ နဲ့ စိတ်မနှံ့သူတွေ အပါအဝင် ဒေသခံတွေကို စစ်အုပ်စုက သတ်ဖြတ်ကာ ခေါင်းဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားခဲ့စဉ်/Photo – ပေးပို့


Comments

Leave a Reply

Your email address will not be published. Required fields are marked *