ပန်ဝါမြို့ကို KIA သိမ်း၊ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ကာ နယ်စပ်တွင် လုံခြုံရေးယူထား

ကချင်ပြည်နယ် ပန်ဝါမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်တွင်လည်း လုံခြုံရေးယူထားပြီး တရုတ်ဘက်ကလည်း ဂိတ်ပိတ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ညနေပိုင်းတွင် ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

“တိုက်ပွဲဖြစ်တော့ ဒေသခံတွေ တရုတ်ဘက်ကို တိမ်းရှောင်တာ တရုတ်ဘက်က ဂိတ်ပိတ်ထားလို့ လူဦးရေ ထောင်ချီပြီး ဂိတ်မှာပိတ်မိနေတာ။ ညပိုင်းရောက်တော့ KIA က မြို့ကို အပြီးသိမ်းပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်အနားအထိ လုံခြုံရေးလာယူထားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA ပူးပေါင်းတပ်များ တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် တရုတ်ဘက်သို့ ထွက်ပြေးရာ KIA က နယ်စပ်တွင် ဖမ်းဆီးရရှိခြင်းများပင်ရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ပြီဟု သိရသည်။

“ည (၁၂)နာရီလောက်မှာပဲ မြို့ထဲကို KIA က နေရာဝင်ယူလိုက်တာ။ စစ်ကောင်စီတပ်သားတွေက မရှိတော့ဘူး။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်။ ဖမ်းမိတာတွေလည်းရှိတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်ကပြောသည်။

ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လှုပ်ရှားစစ် ဗျူဟာမှူး ရဲခေါင်မှာ ထွက်ပြေးပြီး ရတလ ၂၉၊ BGF၊ ပြည်သူ့စစ်စခန်းများပါ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်သည် လိုင်ဇာ၊ လိုင်စင်၊ ခရှိန် စသည့် နယ်စပ်ဂိတ်များကိုလည်း ပိတ်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *