ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကမ်းထိုး ရေယာဉ်ဖြင့် ကယ်ထုတ်နိုင်ရန် လုပ်ဆောင်နေ

မြေပြင်ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့် မောင်တော နခခ ၅ မြို့သူကြီးအတွင်းမှ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကမ်းထိုး ရေယာဉ်ဖြင့် ကယ်ထုတ်နိုင်ရန် လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နောက်ဆုံးကျန်နေသည့် နယ်ခြားစောင့်စခန်း နခခ ၅ မြို့သူကြီး အတွင်း ပိတ်မိ၍ ဒဏ်ရာရနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကမ်းထိုးရေယာဉ်များဖြင့် သယ်ဆောင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း သိရသည်။

မောင်တောမြို့တွင် နခခ ၅ မြို့သူကြီးတစ်ခုသာ စစ်ကောင်စီစခန်းအဖြစ် ကျန်ရှိနေပြီး အာရက္ခတပ်တော် (AA) က စခန်းကို ဝိုင်းပတ်ပိတ်ဆို့ကာ မြေပြင်ထောက်ပို့လမ်းကြောင်းများကိုပါ ဖြတ်တောက်ထားသည့်အတွက် စစ်ကောင်စီက စခန်းအတွင်းပိတ်မိ၍ ဒဏ်ရာရနေသူများကို ကယ်ထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“စခန်းထဲမှာ အင်အား ၆၀၀ လောက်တော့ရှိတယ်။ အဲဒီထဲက ဒဏ်ရာရစစ်သားတွေကို ဂေါ်ပြားယာဉ်နဲ့ လာကယ်ထုတ်တာ။ တပ်တော်က စနိုက်ဘာနဲ့ပစ်နေလို့ သူတို့ဘက်ကနေ ဂျက်ဖိုက်တာရော နေဗီကနေ လက်နက်ကြီးရော စခန်းအတွင်းက လက်နက်ကြီးတွေနဲ့ပါ ကာပစ်ပေးနေတယ်” ဟု မောင်တောဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က ကမ်းထိုးရေယာဉ်နှစ်စီး ဆိုက်ကပ်ကာ နေဗီမှ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ကာပစ်ပေးပြီး စခန်းအတွင်းမှ ဒဏ်ရာရတပ်ဖွဲ့ဝင်အချို့ကို သယ်ထုတ် လာကြောင်း သိရသည်။

စစ်ကောင်စီက ထိုသို့ မကယ်ထုတ်မီ ဂျက်ဖိုက်တာ လေးစီးအထိသုံးကာ ၁၀ ကြိမ်ထက်မနည်း ဗုံးအလုံး ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ မြေပြင်လမ်းကြောင်းအားလုံး ပိတ်ဆို့ခံလိုက်ရသည့်အတွက် Y -12 လေယာဉ်ဖြင့် နခခ ၅ အတွင်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းများ ပို့ဆောင် လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် နခခ-၅ မကျစေရေးအတွက် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးရှစ်လုံးလာရောက်ကြဲချခဲ့ပြီး လူနေရပ်ကွက် များအတွင်းသို့ပါ လေယာဉ် ပျံဝဲမှုများလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် နခခ ၅ အတွင်းသို့ ယခုအောက်တိုဘာ တတိယပတ်အထိ လက်နက်နှင့်ရိက္ခာထုပ် ၁၀၀ နီးပါးခန့် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *