ပန်ဝါမြို့ပေါ်ရှိ BGF ဆိုင်းဘုတ်ဖြုတ်ချ၊မြို့ပေါ်နှင့် နယ်စပ်ဂိတ်အနီး KIA တပ်နေရာယူ

မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပမ်းနှင့် လက်နက်ခဲယမ်းများစွာရ၊ လက်နက်ဖွက် အရပ်ဝတ်လဲ တပ်ဖျောက်ထားခြင်းရှိ၍ လုံခြုံရေးဂရုစိုက်နေရဆဲဟု သတိပေး

ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က သိမ်းပိုက်ပြီးနောက် မြန်မာ-တရုတ်နယ်စပ်ဂိတ်အနီးနေရာနှင့်ပန်ဝါမြို့တွင်း KIA တပ်ဖွဲ့ဝင်များ နေရာယူထားသကဲ့သို့ နယ်ခြားစောင့်တပ်(BGF)ဆိုင်းဘုတ်များ ဖြုတ်ချခဲ့သည်ကို ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ ဖော်ပြသည့် ရုပ်သံမှတ်တမ်း ၌တွေ့ရသည်။

KIAက ပန်ဝါမြို့ကိုသိမ်းပိုက်ပြီးနောက် အောက်တိုဘာ ၁၉ရက်နေ့ အခြေအနေကိုဖော်ပြသည့် ရုပ်သံနှင့် ၁၀၀၂ နယ်ခြားစောင့်တပ် ဆိုင်းဘုတ် ဖြုတ်ချသည့် ရုပ်သံ လူမှုကွန်ရက်၌ ဖော်ပြလာခြင်းဖြစ်သည်။

“ပန်ဝါမြို့သိမ်းပြီးနယ်ခြားစောင့်တပ် ဆိုင်းဘုတ် ဖြုတ်နေတာကိုပန်ဝါနေ ပြည်သူတွေ ဝမ်းသာအားရ ဖြစ်နေပုံပါ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း BGF ဆိုင်းဘုတ်ကို KIA တပ်ဖွဲ့ဝင်ကဖြုတ်ချနေသည်ကို ပြည်သူများဝိုင်းကြည့်နေသည့် ရုပ်သံကိုမျှဝေရင်းရေးသားထားသည်။

ပန်ဝါမြို့ကို KIA တပ်က အောက်တိုဘာ ၁၈ရက်ညပိုင်း၌ ဝင်ရောက်ပြီး အောက်တိုဘာ ၁၉ရက်မနက်တွင်အပြီးသတ် ရှင်းလင်းထားသည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံစစ်ဗျူဟာ(၁)ဗျူဟာမှူးနှင့် ရှေ့တန်းခလရ(၂၉) တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်များ အခြေစိုက်ရာ ပန်ဝါမြို့ကို အောက်တိုဘာ ၁၉ရက် မနက် ၈နာရီတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က​ပြော
သည်။

စစ်သုံပမ်းနှင့် လက်နက်ခဲယမ်းများစွာရရှိခဲ့ပြီး လုံခြုံရေး ဂရုစိုက်နေရဆဲဖြစ်သည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“ပန်ဝါမှာ သေနတ် ဖွက် အရပ်ဝတ်လဲ(စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ ယူနီဖောင်းချွတ် အရပ်ဝတ်လဲ)ပြီး တပ်ဖျောက်နေတာတွေရှိနေသေးတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က လုံခြုံရေးဂရုစိုက်ရသည့်အခြေအနေကိုရှင်းပြသည်။

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ” စစ်သုံ့ပမ်းလည်း ဖမ်းမိတယ်။ ဒါပေမဲ့ ဘယ်လောက်ဆိုတဲ့ အရေအတွက်တော့ မပြောပြဘူး။ ပြီးတော့ လက်နက်ခဲယမ်းတွေလည်း အမြောက်အများရတယ်လို့ပြောတယ်။ ဒါပေမဲ့သူတို့ အဲဒါတွေလည်း အတိအကျ မပြောပြဘူး။” ဟုပြောသည်။

KIAသည် စစ်ကောင်စီ လက်အောက်ခံဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေမှ ချီဖွေမြို့ကို စက်တင်ဘာ လကုန်ပိုင်း၊ ဆော့လော်မြို့ကို အောက်တိုဘာလဆန်းက သိမ်းပိုက်နိုင်ခဲ့ပြီးပန်ဝါကို အောက်တိုဘာ တတိယပတ်တွင်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကန်ပိုက်တည် ဒေသရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(၁၀၀၃)၏ ကားကင်းစခန်းများကိုလည်း KIAက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သိမ်းပိုက်ထားသည်။

ထို့ကြောင့် ကချင်အထူးဒေသ(၁)နယ်မြေအတွင် KIA၏ စစ်ဆင်ရေး ရက်ပေါင်း ၂၀ အကြာတွင် မြို့သုံးမြို့နှင့် တပ်စခန်း ကြီးငယ် ၂၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။

(KIA တပ်ဖွဲ့ဝင်များက အမှတ် ၁၀၀၂ နယ်ခြား​စောင့်တပ် (BGF 1002) ဆိုင်းဘုတ်ကိုဖြုတ်ချစဥ််။ဓါတ်ပုံ-File photo)


Comments

Leave a Reply

Your email address will not be published. Required fields are marked *