ဝမ်ပေါင်ကုမ္ပဏီသို့ ပစ္စည်းများ ပို့ဆောင်မည့် ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်

ယင်းမာပင်တွင် ဝမ်ပေါင်ကုမ္ပဏီသို့ ပစ္စည်းများ ပို့ဆောင်မည့် ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်၊ မုံရွာတွင် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဝမ်ပေါင်ကုမ္ပဏီသို့ ပစ္စည်းများ ပို့ဆောင်မည့် ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယမ်စီ ကုမ္ပဏီအတွက် Acid နှင့် Diluent တင်ဆောင်လာသော ကားအစီး ၄၀ ခန့်ပါဝင်သော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ နှင့် မြောက်ယမားတံတား အကြား ပုသိမ်-မုံရွာလမ်းပိုင်းတွင်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်တန်းကို ည ၁၀:၃၀ အချိန်တွင် တစ်ကြိမ် ၊ ည ၁၀ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားခေါင်းပိုင်းထိကာ မှန်များကွဲအက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ မိုင်းထိမှန်ခဲ့သော ယာဉ်တန်းလည်း မိနစ် ၃၀ ခန့် ရပ်နားပြီး ကားကို ပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ မိုင်းကွင်း အမြောက်အများ ရှိသည်ကို သိရှိသောကြောင့် ရဲတပ်ရင်း ၂၈ မှ ထွက်လာခြင်းမရှိသောကြောင့် အသေအပျောက်မရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Regional Friend Fighters (RFF) ယင်းမာပင်မြို့နယ်၊တိုက်နယ် ၂ ပကဖ တပ်ဖွဲ့နှင့် Black Eagle LPDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် စွမ်းရည်ထက်ဆီဆိုင်အနီးတွင် အထိုင်ချပြီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army – BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် စွမ်းရည်ထက်ဆီဆိုင်အနီး အထိုင်ချပြီး ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း Fixed Win Drone ၂ စီးပျက်စီး ဆုံးရှုံးခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်းအမှတ် ၂၄ Twenty-Four Droneအဖွဲ့မှ ဦးဆောင်ကာ တပ်ရင်းအမှတ် (၂၄) တပ်ခွဲ (၁) ၊ စကိုင်းခရိုင် တပ်ရင်အမှတ် (၅) – MRA ၊ မုံရွာခရိုင် (ပကဖ) ၊ Brave heart army (BHA) ဒရုန်းအဖွဲ့၊ NINJAဒရုန်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *