အနန်းကွင်းဗျူဟာတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို
ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီးတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ဦးဆောင် သော ကော်ဘရာပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားရာ အောင်ဇေယျစစ်ကြောင်း ထိခိုက်မှုများကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့ နေ့လည် ၂နာရီခန့်တွင် အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောင်ဇေယျစစ်ကြောင်းသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပစ်ကူသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိနာပြီး သေဆုံးမှုများကြောင်း ၎င်းက ဆက်ပြောသည်။
” ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ်။ အတော်လေး အထိနာတယ်။ အခု နယ်မြေလိုက်ရှင်းနေတယ်။ အလောင်းတွေရော၊ လက်နက်တွေရော ရတယ်ပြောတယ်။အလောင်းကောက်လို့ မပြီးသေးဘူး”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့်ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး” ဟုအမည်ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။
လေးရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ခုနစ်လကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။
ထို့အပြင် သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကိုလည်း KNLA ပူးပေါင်းတပ်က ပိတ်ဆို့ထားရာ ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” သိရတာ အနန်းကွင်းဗျူဟာမှာ စကစက နှစ်ယောက်သေတယ် သိရတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် မြဝတီ – ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းသုံးခုအား ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိကြောင်း ကော်ဘရာစစ်ကြောင်း(၂) VENOMစစ်ကြောင်းက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုမှ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ထွက်ပြေးသွား၍ ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း VENOMစစ်ကြောင်းက အသိပေးထားသည်။
ယနေ့ နံနက် ၇နာရီက သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများက ဆုတ်ပြေးသွားခြင်းဟု ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူက ပြောသည်။
(အောင်ဇေယျစစ်ကြောင်းကို ဒေါနတောင်တွင် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေသော ကောဘရာတပ်ဖွဲ့ဝင် တစ်ဦး။ ဓာတ်ပုံ -Cobra Column)
Leave a Reply