ငါးဇွန်မြို့နယ်၊ ငါးမြာကြီးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၂၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာ ဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး Mi 35 ဖြင့် လေကြောင်းပစ်ကူ ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ လေကြောင်း ပစ်ကူရောက်ရှိလာသော်လည်း တော်လှန်ရေးတပ်ဖွဲ့များထံ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုမရှိပဲ စစ်ကောင်စီတပ်သားများဘက်သို့ ဗုံးကျဲချသွားရာ အကြမ်းဖက်စစ် သားများ ထပ်မံသေဆုံးထိခိုက်မှုရှိကြောင်း သိရသည်။

“သေတာကတော့ များတယ်၊ သိပ်မဝေးဘူး မြင်နေရတာ၊ အရေအတွက်တော့ မခန့်မှန်းတတ်ဘူး။ တိုက်ပွဲဖြစ်လို့ ထိတာနဲ့ လေယာဉ်ပစ်ကူခေါ်တာ။ လေယာဉ်ပစ်ကူကပါ စခတွေပေါ်ကို ထပ်ဗုံး ကျဲ သွားတော့ ထပ် သေတယ်။ ကျနော်တို့က စစ်ကူအနေနဲ့ တိုက်ခိုက်ခဲ့ရတာ၊ ကျည်ကလည်း မလုံ လောက်တော့ ပြန်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ Dog Killers People’s Defence Force Myinmu(DK-PDF MMU)l နှင့် အခြား မဟာမိတ် ညီနောင်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *