ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်ချုပ်နိုင်ရန်အတွက် စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး ချင်းလဲန်းအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်းသိရသည်။
စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် အင်အားအလုံးအရင်းနှင့်ထိုးစစ်ဆင်လာမှုကြောင့် ချင်းလဲန်းအစိုးရ၏ ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသော အော်တိုတပ်ကုန်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် လက်လွှတ်ခဲ့ရကြောင်းသိရသည်။
“ဘယ်လောက်ပဲကြာကြာ။ ထန်တလန်မြို့ကို မသိမ်းမချင်းတိုက်ပွဲဆင်နွှဲနေမယ်။အခု ရက်ပေါင်း ၉၀ ကျော်အတွင်းမှာ ချင်းလဲန်းအစိုးရတပ်ဖွဲ့အနေနဲ့ ဘုရားကျေးဇူးတော်ကြောင့် တပ်စခန်းတော်တော် များများလည်း သိမ်းပိုက်နိုင်ပါတယ်။ စစ်ကောင်စီက ကုန်းကြောင်းနဲ့ ထိုးစစ်ဆင်လာရုံတင်မကဘဲ လေကြောင်းနဲ့လည်း အကြိမ်ပေါင်းမနည်းဘူး။ ၂၀၀ ဝန်းကျင်လောက် ဗုံးကြဲတယ်။ အခုအချိန်ထိတော့ ကျွန်တော်တို့ဘက်က အသာစီးရနေပါတယ်။ ပြည်သူတွေအနေနဲ့လည်း အားမလျှော့ဘဲနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဘက်မှာ ရပ်တည်ပြီးတော့ ထန်တလန်မြို့မသိမ်းမချင်းအတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)၊ ပြောခွင့်ရပုဂ္ဂိုလ်အမျိုးသား တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် လုံခါရ်ဘက်မှ စစ်ကြောင်းတကြောင်းနှင့် အော်တိုတောင်ဘက်မှ စစ်ကြောင်း တစ်ကြောင်းတို့ဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၀၀ ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
ချင်းလဲန်းအစိုးရကာကွယ်ရေးတပ်ဖွဲ့သည် လက်လွှတ်ဆုံးရှုံးသွားသော အော်တိုတပ်ကုန်းကို ထပ်မံ သိမ်းပိုက်နိုင်ရန် ကြိုးစားနေပြီး စစ်ကောင်စီဘက်ကလည်း လက်လွှတ်ခဲ့ရသည့် တပ်စခန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားမှုကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Leave a Reply