စစ်မှုထမ်းတပ်သားသစ် ရာနှင့်ချီ ရခိုင်တိုက်ပွဲကို စစ်ကောင်စီ ပေးပို့

ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေသော အမ်းမြို့နယ်နှင့် ဂွမြို့နယ်က တိုက်ပွဲများသို့ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစုဆောင်းထားသည့် တပ်သားသစ် ရာနှင့်ချီ ပေးပို့ တိုက်ခိုက်နေကြောင်း သိရသည်။

အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီး၊ ဂွမြို့နယ် ၁၀ မိုင်အကွာ ကြွေချိုင်၊ မောင်တောမြို့စောင့်တပ် နခခ ၅ တပ်စခန်းတို့တွင် စစ်ကောင်စီနှင့် AA နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြသည်။

နပခ အတွက် အရေးပါသော တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာနှင့် မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ပြီးနောက် အမ်းမြို့ထဲရှိ နပခ ကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီမှာ တပ်သား အသေအပျောက်များနေ၍ စစ်မှုထမ်းဟောင်း ဥပဒေဖြင့် စုဆောင်း သင်တန်းပေးထားသော တပ်သားသစ် ၄၀၀ ထက်မနည်းကို အမ်းမြို့နယ်သို့ ပို့ဆောင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” စေ့ချောင်းဗျူဟာနဲ့ မဲတောင်ဗျူဟာကုန် တိုက်ပွဲမှာ စစ်ကောင်စီဘက်က တော်တော်လေးကို အကျအဆုံးများတယ်လို့ သိရတယ်။ နပခ မှာလည်း အင်အားနည်းနေတော့ တပ်ကူအနေနဲ့ တပ်သားသစ် ၄၀၀ ထက်မနည်းကို ဧရာဝတီဘက်က ပို့ထားတယ်လို့ သိရတယ်။ နပခ မကျဆုံးဖို့ စစ်ကောင်စီဟာ အလူအလဲ ပြန်ခုခံနေတယ်။ ” ဟု ဆိုသည်။

အာရက္ခတပ်တော် AA ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြတ်သိမ်းနိုင်ရန် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသည်။

ဂွမြို့နယ်က တိုက်ပွဲကို စစ်ကောင်စီက ဧရာဝတီတိုင်းဘက်တစ်ဆင့် လေကြောင်းရော၊ ရေကြောင်းကပါ စစ်မှုထမ်းတပ်သားသစ်များကို ပေးပို့တိုက်ခိုက်နေပြီး တိုက်ပွဲမှာ ဂွမြို့နှင့် ၁၀ မိုင်အကွာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဂွမြို့ခံတစ်ဦးက ” ဂွတိုက်ပွဲဟာ စစ်ကောင်စီဖက်က ကြည်း၊ ရေ၊ လေ သုံးခုစလုံးနဲ့ အပြင်းအထန် ခုခံနေတယ်။ ဧရာဝတီတိုင်းဘက်ကနေ လေကြောင်းကနေ တပ်သားတွေ ပို့တယ်။ ရေကြောင်းကလည်း ပို့တယ်။ ဂွမြို့ထဲမှာလည်း တပ်အင်အား၊ လက်နက်အင်အား အများကြီးဖြည့်ထားတယ်။ စစ်မှုထမ်းတပ်သားသစ် ၃၀၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်းရတယ်။ ဂွမြို့နဲ့ ၁၀ မိုင်အကွာမှာ ရှိတဲ့ ကြွေချိုင်၊ ကူးတို့လေး စတဲ့ ဒေသတွေမှာ တိုက်ပွဲ အပြင်းအထန်ပဲ။ နေ့ရောညပါ ဖြစ်နေကြတာ။ ” ဟု ပြောသည်။

ယခု ၂၀၂၄ ခုနှစ် မကုန်မီ အမ်းမြို့၊ ဂွမြို့နှင့် မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က အပြင်းအထန် ကြိုးပမ်းနေကြောင်း စစ်ရေးသုံးသပ်သူများက ပြောဆိုကြသည်။

မောင်တောမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် မြို့စောင့်တပ် နခခ ၅ ကို AA က ရလုနီးနီး ဖြစ်နေပြီး စစ်ကောင်စီဘက်က ပေါင် ၅၀၀ ဗုံးသီးများအပါအဝင် လေကြောင်းက အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားအများအပြားလည်း ထိခိုက်သေဆုံးမှုရှိနေကြောင်း သိရသည်။

မောင်တောဒေသရှိ AA ကို စစ်ကောင်စီက လေကြောင်းကနေ အင်အားပြင်း ဗုံးသီး အမြောက်အများဖြင့် တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် နတ်မြစ်တစ်ဖက်ကမ်းရှိ မွတ်ဆလင်ကျေးရွာအချို့တွင် ဗုံးသီးပေါက်ကွဲမှုအရှိန်ကြောင့် လူနေအိမ်များ အက်ကွဲမှုဖြစ်ပွားခဲ့သည်။

ပုံစာ – အာဏာသိမ်း စစ်ကောင်စီ အတင်းအဓမ္မစုဆောင်းထားသော စစ်မှုထမ်းတပ်သားသစ်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *